ထိုင်း-မြန်မာနယ်စပ်အနီးမှာ တရုတ်မော်ဒယ်လ်တစ်ဦး ထပ်မံပျောက်ဆုံး
2025.01.09
လူကုန်ကူးခံရတဲ့ သရုပ်ဆောင် Wang xing ကို ထိုင်းရဲတပ်ဖွဲ့က ကယ်တင်ခဲ့ပြီးနောက် ထိုင်း- မြန်မာနယ်စပ်မှာ ပျောက်ဆုံးသွားတဲ့ တရုတ်မော်ဒယ်လ် Yang Zeqi ရဲ့အမှုကို ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ Bangkok Post သတင်းက ဇန်နဝါရီလ ၉ ရက်နေ့က ဖော်ပြပါတယ်။
Yang Zeqi ပျောက်ဆုံးနေကြောင်း ဆွေမျိုးတွေက လူမှုမီဒီယာမှာ ပို့စ်တင်ပြီး အကူအညီတောင်းခံခဲ့တယ်လို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ အရာရှိချုပ် Thachai Pitaneelaboot က ပြောပါတယ်။ သူဟာ ဒီဇင်ဘာလ ၂၀ ရက်နေ့က ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ လေဆိပ်ကိုရောက်လာခဲ့ပြီးနောက် နယ်စပ်ကို ခေါ်ဆောင်ခံခဲ့ရတာလို့ ဆိုပါတယ်။
အလားတူ ထိုင်းရဲတွေက နောက်ထပ် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပျောက်ဆုံးမှုကိုလည်း စုံစမ်းစစ်ဆေးနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ Wu Yiji လို့ခေါ်တဲ့ အဲဒီအမျိုးသမီးဟာ ထိုင်းနိုင်ငံကို ဇန်နဝါရီ ၆ ရက်နေ့က ရောက်ရှိလာခဲ့ပြီးနောက်မှာ မိသားစုက ဆက်သွယ်လို့ မရခဲ့ဘူးလို့ ဆိုပါတယ်။
ဒီအတောအတွင်းမှာပဲ မြန်မာနိုင်ငံမှာ ပိတ်မိနေတဲ့ တရုတ်နိုင်ငံသား ၁၇၄ ဦး ကို ကယ်ဆယ်ပေးဖို့ မိသားစုတွေက အကူအညီတောင်းခံတဲ့စာ လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ကြောင်း Global Times သတင်းက ဖော်ပြပါတယ်။
သရုပ်ဆောင် Wang ကို အင်္ဂါနေ့က ကယ်တင်ခဲ့ပြီးနောက် မြန်မာနိုင်ငံမှာ ပိတ်မိနေတယ်လို့ ယူဆရတဲ့ မိသားစုဝင် ၄၈၇ ဦး အဖွဲ့က အွန်လိုင်းစာမျက်နှာတစ်ခု ဖွင့်ပြီး အချက်အလက်စုဆောင်းခဲ့ရာမှာ မိသားစု ၁၇၄ ယောက်က ပျောက်ဆုံးနေသူတွေရဲ့ အချက်အလက်တွေ ဖြည့်သွင်းခဲ့ကြတယ်လို့ ဆိုပါတယ်။
တချို့ဟာ ထိုင်း-မြန်မာ နယ်စပ်အနီး မြန်မာနိုင်ငံကို ဝင်ရောက်ပြီးနောက် ပျောက်ဆုံးသွားခဲ့ပြီး တချို့က တရုတ်နိုင်ငံ ယူနန်နယ်စပ်ကနေတစ်ဆင့် မြန်မာနိုင်ငံကို နယ်စပ်ဖြတ်ကျော်ပြီး ပျောက်ဆုံးသွားခဲ့ကြတာလို့ ဆိုပါတယ်။
အများစုဟာ အသက် ၁၇ နှစ်ကနေ ၃၅ နှစ်ကြား အမျိုးသားတွေဖြစ်ပြီး ပျောက်ဆုံးနေတာ ခြောက်လကနေ သုံးနှစ်အထိ ရှိပြီလို့ ဆိုပါတယ်။