ကျားဖြန့်လုပ်ငန်းက အင်ဒိုနီးရှားနိုင်ငံသား ၅၈ ဦးကို BGF ထိန်းသိမ်းထား

RFA Burmese
2025.03.04
ကျားဖြန့်လုပ်ငန်းက အင်ဒိုနီးရှားနိုင်ငံသား ၅၈ ဦးကို BGF ထိန်းသိမ်းထား ကရင်ပြည်နယ် မြဝတီမြို့ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)တွင် လုပ်ကိုင်နေသည့် အင်ဒိုနီးရှားနိုင်ငံသား ၅၈ ဦးနှင့် ကရင်နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်များအား ၂၀၂၅ ခုနှစ် မတ်လ ၃ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၅ ရပ်ကွက်မှာရှိတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)မှာ လုပ်ကိုင်နေတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၅၈ ဦးကို ထိန်းသိမ်းထားကြောင်း ကရင်နယ်ခြားစောင့်တပ် (BGF) အဖွဲ့က RFA ကို ပြောပါတယ်။

အမှတ် ၅ ရပ်ကွက်ထဲက တရုတ်နိုင်ငံသားပိုင် ခြံဝင်းတစ်ခုကို BGF တပ်ဖွဲ့ဝင်တွေ၊ ငွေလိမ်လုပ်ငန်းနဲ့ လူမှောင်ခိုတိုက်ဖျက်ရေးတပ်ဖွဲ့ဝင်တွေ မတ်လ ၃ ရက်နေ့ ညပိုင်းက ဝင်ရောက်စစ်ဆေးချိန်မှာ ဖမ်းဆီးမိခဲ့တာလို့ BGF သတင်းနဲ့ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ အဲဒီထဲမှာ အထောက်အထားရှိသူတွေရော မရှိသူတွေပါ ပါဝင်တယ်လို့ ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ ပျောက်ဆုံးသွားတဲ့ နိုင်ငံခြားသားတွေစာရင်းကို နိုင်ငံတကာသံရုံးတွေက BGF တပ်ဖွဲ့ထံ ပေးပို့အကြောင်းကြားလာတာတွေကို ချက်ချင်းရှာဖွေပြီး ပြန်ပို့ပေးနေတယ်လို့ BGF သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောပါတယ်။

"သံရုံးအသီးသီးကလည်း ပေးပို့လာတယ် အဲဒီလိုဖိုင်လေးနဲ့ passport နံပါတ်နဲ့ ပို့လာပြီဆိုရင် ဆိုဒ်အသီးသီးက တာဝန်ခံတွေအကုန်လုံး ချက်ချင်းဖြန့်ဝေပြီးတော့ group လုပ်ထားတယ်၊ လူမှောင်ခိုတားဆီးရေးဂရုဆိုတာ အရင်ကတည်းက ဖွဲ့ထားတာကြာပြီ၊ အဲဒီအပေါ်မှာမှ ကျွန်တော်တို့က စနစ်တကျ ပြန်ပြီးတော့မှ စီစစ်ပြီးတော့မှ ရှိရင်ချက်ချင်းလာပို့၊ ချက်ချင်းကျွန်တော်တို့ရှိရင် ပြန်အပ်တယ်"

နိုင်ငံတကာသံရုံးတွေက လူပျောက်ရှာဖွေပေးဖို့ အကြောင်းကြားလာတာတွေနဲ့ပတ်သက်ပြီး BGF ဘက်က လူဦးရေဘယ်လောက်ကို လွှဲပြောင်းပေးထားတယ်ဆိုတာကိုတော့ သီးခြားစာရင်း ထုတ်ပြန်တာ မရှိသေးပါဘူး။

မြဝတီမြို့နယ်ထဲက ကျားဖြန့်လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ နိုင်ငံပေါင်း ၃ဝ လောက်က နိုင်ငံခြားသား ခုနစ်ထောင်ကျော်ကို BGF တပ်ဖွဲ့က ထိန်းသိမ်းထားပြီး သူတို့အတွက် ယာယီနေစရာ စီစဉ်ပေးတာအပါအဝင် အစားအသောက်နဲ့ ကျန်းမာရေးစရိတ်အဖြစ် တစ်နေ့ကို မြန်မာငွေကျပ် သိန်းနှစ်ထောင်ကျော် ကုန်ကျတယ်လို့ BGF ဘက်က ပြောထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံသား ၈၄ ဦးကို ထိုင်းအာဏာပိုင်တွေဆီကတစ်ဆင့် အင်ဒိုနီးရှားသံရုံးတာဝန်ရှိသူတွေဆီ လွှဲပြောင်းပေးခဲ့ပြီး အခုထပ်တွေ့ရှိထားတဲ့ ၅၈ ဦး လွှဲပြောင်းရေးအတွက် ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။