သီပေါမြို့သိမ်းတိုက်ပွဲအတွင်း အရပ်သား ၃၃ ဦး သေဆုံး

RFA Burmese
2024.10.15
သီပေါမြို့သိမ်းတိုက်ပွဲအတွင်း အရပ်သား ၃၃ ဦး သေဆုံး သီပေါမြို့နယ် အမှတ် ၂၃ ခြေလျင်တပ်ရင်းရှေ့တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။
PSLF/TNLA News

သီပေါမြို့သိမ်းတိုက်ပွဲကာလ နှစ်လကျော်အတွင်း စစ်ကောင်စီတပ် တိုက်ခိုက်မှုတွေကြောင့် ဒေသခံအရပ်သား ၃၃ ဦးသေဆုံးခဲ့ပြီး ၈၀ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က အောက်တိုဘာ ၁၅ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

မြို့သိမ်းတိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ Jet Fighter နဲ့ ၁၀၅ ကြိမ်၊ Y12 နဲ့ ၁၆၇ ကြိမ် တိုက်ခိုက်ခဲ့သလို လက်နက်ကြီးနဲ့ အကြိမ် နှစ်ထောင်နီးပါး (၁,၈၉၃) ပစ်ခတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ စာသင်ကျောင်းနှစ်ကျောင်းနဲ့ လူနေအိမ် ၄၇ လုံး လေယာဉ်ဗုံးစ ထိမှန်ပြီး မီးလောင်ပျက်စီးသွားခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း သီပေါမြို့နယ်က စစ်ကောင်စီ တပ်စခန်းတွေကိုဇူလိုင်လ ၂၀ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး နှစ်လကျော်အကြာ အောက်တိုဘာ ၁၃ ရက်နေ့မှာ ခမရ (၅၀၃)၊ ခမရ (၅၀၄)နဲ့ ခလရ (၂၃) တပ်စခန်း၊ ရဲစခန်းအပါအဝင် အစိုးရဌာနဆိုင်ရာရုံးတွေကို အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ အဓမ္မ စုဆောင်းမှုကြောင့် စစ်မှုထမ်းနေရတဲ့ ရဲမေ ၇၈ ဦးကို ဖမ်းဆီးခဲ့ပြီး တပ်မိသားစုဝင် နှစ်ရာနီးပါးနဲ့အတူ ပြန်လွှတ်ပေးလိုက်တယ်လို့လည်း ပါရှိပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းဆက်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

TNLA ဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲနဲ့ သီပေါ စတဲ့ မြို့ ငါးမြို့ကို သိမ်းယူနိုင်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းလုံ၊ မိုင်းငေါ့၊ ကွတ်ခိုင်နဲ့ နမ့်ခမ်း စတဲ့မြို့ပေါင်း ခုနစ်မြို့ကို သိမ်းပိုက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။