ဆိုက်ခေါင်ရွာမှာ စစ်ဘေးဒုက္ခသည် တစ်သောင်းနီးပါးရှိလာပြီး အကူအညီလိုအပ်

RFA Burmese
2024.05.09
ဆိုက်ခေါင်ရွာမှာ စစ်ဘေးဒုက္ခသည် တစ်သောင်းနီးပါးရှိလာပြီး အကူအညီလိုအပ် တိုက်ပွဲကြောင့် ထွက်ပြေးနေရသည့် ဆီဆိုင်မြို့တောင်ဘက် ကျေးရွာများမှ ဒေသခံများကို ၂၀၂၄ ခုနှစ်၊ မေလ ၈ ရက်နေ့က တွေ့ရစဥ်။
Citizen Journalist

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် ဆိုက်ခေါင်စံပြကျေးရွာကို ထွက်ပြေးလာရတဲ့ ဒုက္ခသည်တစ်သောင်းနီးပါး ရှိလာပြီး နေထိုင်စားသောက်ရေးအတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆီဆိုင်မြို့ အနောက်ဘက်နဲ့ အရှေ့ဘက်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တပ်ဖွဲ့တွေ တိုက်ပွဲဆက်ဖြစ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရတာလို့ ဒုက္ခသည်အရေး ကူညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

“ဆီဆိုင်မြို့နယ် ပတ်ပတ်လည်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတော့ ရွာပေါင်းမနည်းဘူး ပြေးနေရတာ။ ကျွန်တော်တို့ သိရသလောက်က ပြေးရတဲ့သူ ငါးသောင်းခန့်ရှိတယ်။ အဲဒီထဲမှာ ဆိုက်ခေါင်ကို ရောက်လာတာက တစ်သောင်းလောက်ရှိတယ်။ အလုံးအရင်းနဲ့ ရောက်လာတာ။ ဘာမှ အကူအညီမရကြသေးဘူး”

ထွက်ပြေးလာသူတွေဟာ ဆီဆိုင်မြို့နယ် တဘက်၊ တောင်ရှေ့၊ နောင်ကျော ကျေးရွာအုပ်စုတွေက အများဆုံးဖြစ်ပြီး ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် နယ်စပ်ကျေးရွာတွေက ဒေသခံတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဆိုက်ခေါင်ကျေးရွာမှာတော့ ထွက်ပြေးလာသူတွေကို ဘုန်းကြီးကျောင်းတွေမှာ နေရာချထားပေးပြီး မေလ ၉ ရက် ဒီနေ့မနက်အထိ နောက်ထပ် ထွက်ပြေးလာသူတွေ ရှိနေသေးတာကြောင့် စားစရာနဲ့ နေရာထိုင်ခင်းတွေအတွက် အရေးပေါ်အကူအညီတွေ လိုနေတယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

မေလ ၈ ရက် မနေ့ညပိုင်းအထိ တဘက်ကျေးရွာအုပ်စုနဲ့ ရှမ်း - ကယားနယ်စပ်က ကျေးရွာတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပဲလို့ ဒေသခံတွေက ပြောပါတယ်။

ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲကြောင့် ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေ ကူညီပေးနေမှုအခြေအနေနဲ့ ပတ်သက်လို့မေးမြန်းဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။

၂၀၂၄ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ဆီဆိုင်မြို့ကို PNLA တပ်ဖွဲ့က သိမ်းပိုက်ခဲ့ပြီး မတ်လကုန်ပိုင်းမှာတော့ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းအဖွဲ့တွေက ဆီဆိုင်မြို့ကို ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။

PNLA တပ်ဖွဲ့တွေရှိနိုင်တဲ့ ဆီဆိုင်မြို့အနီးတစ်ဝိုက်နဲ့ ရှမ်း - ကယားနယ်စပ်တွေအထိ စစ်ကောင်စီနဲ့ PNO ပြည့်သူ့စစ်တပ်ဖွဲ့တွေက လိုက်ပြီးထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ နေ့စဥ်လိုလို ဖြစ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။