ဆီဆိုင်မှာ လက်နက်ကြီးကြောင့် တစ်ဦးသေဆုံး၊ ဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရ
2024.08.16

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ တစ်ကျော့ပြန် တိုက်ပွဲတွေကြောင့် အမျိုးသမီးတစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပြီး ဒေသခံ တစ်သောင်းကျော်လည်း ထွက်ပြေးနေရတယ်လို့ ဆီဆိုင်မြို့ခံတွေက RFA ကို ပြောပါတယ်။
သြဂုတ် ၁၄ ရက်နေ့က ဆီဆိုင်မြို့နယ် ပန်အောင်းရွာကို စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် အသက် ၄၀ အရွယ် ဒေသခံအမျိုးသမီး မွိုးစွန် ထိမှန်သေဆုံးပြီး အသက်သုံးနှစ်အရွယ် ခွန်မောင်ပေး ထိခိုက်ဒဏ်ရာရခဲ့တာပါ။
စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့နေရာဟာ တိုက်ပွဲဖြစ်တဲ့နေရာ မဟုတ်ဘူးလို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)ရဲ့ ပြောခွင့်ရသု ခွန်ရိမ်းယံက RFA ကို ပြောပါတယ်။
“အမျိုးသမီးကတော့ နေရာမှာပဲ ဆုံးသွားတယ်။ သူ့သားကိုတော့ ကျွန်တော်တို့ သွားခေါ်ပြီး ဆေးကုသပေးနေတယ်။ ကလေးရဲ့ အခြေအနေကလည်း စိုးရိမ်ရပါတယ်”
စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) ဟာ အရပ်သားတွေ ရှိရာကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်တိုက်ခိုက်နေတယ်လို့ သူကပြောပါတယ်။
ဒါ့အပြင် သြဂုတ်လ အစောပိုင်းကတည်းက ဆီဆိုင်မြို့နယ်အတွင်းက တစ်ကျော့ပြန်တိုက်ပွဲတွေနဲ့ လက်နက်ကြီးတွေကြောင့် လွယ်ထွဲ၊ ပင်ငို၊ ကောက်ဝိန်၊ နောင်ကျော၊ နောင်သဲင်၊ မီးရယ် စတဲ့ ရွာပေါင်း ဆယ်ရွာကျော်က ဒေသခံတစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တိတိကျကျသိရဖို့ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO)နဲ့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။
ပြီးခဲ့တဲ့ သြဂုတ် ၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်နဲ့ လက်နက်ကြီးတွေနဲ့ ပအိုဝ်းပြည်သူ့စစ် (PNO)ရဲ့ လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် စစ်ဘေးဒုက္ခသည် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပါတယ်။