ဖားဆောင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံး
2023.06.30

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ ဝမ်အောင်းရွာကို ဇွန်လ ၂၈ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုအပြင် မြေပြင်ကပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အရပ်သားတစ်ဦး သေဆုံးသလို နေအိမ် ၁၀ လုံးကျော် ပျက်စီးခဲ့တယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
သေဆုံးသူက အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးဖြစ်တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) တည်ထောင်သူ ကိုဗညားက ပြောပါတယ်။
"လေကြောင်းတိုက်ခိုက်မှုနဲ့အတူ လက်နက်ကြီးတွေ ပစ်တယ်။ အမျိုးသား တစ်ဦး သေဆုံးတာ သေချာတယ်။ သေဆုံးရမှုက လေကြောင်းတိုက်ခိုက်မှုကြောင့်လား၊ လက်နက်ကြီး ထိမှန်တာလားဆိုတာကိုတော့ ကျွန်တော်တို့ အသေးစိတ် မသိရသေးပါဘူး"
ဝမ်အောင်းရွာဟာ လူဦးရေ ၈၀၀ ဝန်းကျင် နေထိုင်တဲ့ ကျေးရွာကြီးတစ်ခုဖြစ်ပြီး တိုက်ပွဲတွေကြောင့် ဝမ်အောင်းရွာ အပါအဝင် ရွာသုံးရွာက ဒေသခံ တစ်ထောင်ကျော် နီးစပ်ရာရွာတွေနဲ့ တောတောင်တွေထဲကို ထွက်ပြေးနေရတယ်လို့ သူက ဆိုပါတယ်။
ဖားဆောင်းမြို့နယ်အတွင်းက တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူတွေကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ ပေမယ့် ဆက်သွယ်လို့မရပါဘူး။
စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရ ပြည်နယ်လူမှုရေးဝန်ကြီး ဦးအောင်ဝင်းဦး ကိုလည်း RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
ဇွန်လ ၂၅ ရက်နေ့တုန်းကလည်း ဖားဆောင်းမြို့နယ် နာကစ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသားလေးဦး သေဆုံးခဲ့ရပါတယ်။
ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းမြို့နယ်အတွင်းမှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၈ ဦး သေဆုံးခဲ့ရတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF ရဲ့ ဇွန်လလယ်ထိ ထုတ်ပြန်တဲ့စာရင်းတွေမှာ ဖော်ပြထားပါတယ်။