ဖားကန့် နမ့်မှော်ရွာမှာ မြေစာပုံပြိုကျတာကြောင့် လေးဦးသေဆုံး
2023.01.30

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်မှော်ရွာမှာရှိတဲ့ ဆန်းရွင်ကုမ္ပဏီ ကျောက်စိမ်း လုပ်ကွက်ဟောင်းမှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့ မနက် ၉ နာရီက မြေစာပုံ ပြိုကျလို့ ကျောက်စိမ်းတူးနေတဲ့ ရေမဆေးသမား လေးဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီလုပ်ကွက်ထဲမှာ ကျောက်စိမ်းတူးနေတဲ့ ရေမဆေးသမား ၂၀ နီးပါးရှိတဲ့အနက် အသက် ၃၀ ကနေ ၄၀ အရွယ်တွေဖြစ်တဲ့ ကိုဇော်ဇော်အောင်၊ ကိုအရှည်ကြီး (ခ) မဲလုံး၊ ကိုမောင်မောင်မြင့်နဲ့ ကိုဇော်မြင့်နိုင်တို့ သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်းရှိတယ်လို့ ဆိုပါတယ်။
ကျောက်စိမ်းတူးနေချိန် ပြတ်ရွေ့ကြောကနေ ကျင်းထဲကို မြေစာပုံပြိုကျပြီး သေဆုံး ခဲ့ရတာလို့ ဖားကန့်မှာနေထိုင်တဲ့ ဒေသခံ ကိုမွန်းက RFA ကို ပြောပါတယ်။
"ပြတ်ရွေ့ကြောဆိုတာ လွယ်လွယ်ပြောရရင် ကျင်းကခါးပြတ်ပြီး မြေပြိုကျတာပေါ့။ မြေစာပုံက နှစ်သိပ်မကြာသေးတော့ မြေကြီးက ဖွာနေတာပေါ့နော်။ အဲဒီအချိန် အောက်က ရေမဆေးသမားတွေက တူးပါများတော့ အပေါ်ကမြေဖုံးသလိုဖြစ်ပြီး ပြိုကြတာပါ။ ပြိုကျချိန်က ၁၀ မိနစ်ကျော်ပဲကြာပေမယ့် အသက်ရှူကျပ်ပြီး ဆုံးသွားကြတာ"
သေဆုံးသွားသူတွေကို လူမှုကူညီရေးအသင်းက ဆယ်ယူပြီး နေ့လယ်ပိုင်း ဆိပ်မူသုသာန်ကို ပို့ဆောင်လိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့ကလည်း ဆိပ်မူအုပ်စု၊ စပေါ့ရွာအနီးက ကျောက်စိမ်း လုပ်ကွက်ဟောင်းတစ်ခုမှာ မြေစာပုံပြိုကျခဲ့တာကြောင့် အသက် ၂၀ အရွယ် အမျိုးသား နှစ်ဦး သေဆုံးခဲ့ပါတယ်။