ဖားကန့်မြို့နယ် စစ်ကောင်စီ နန့်တိန် ဗျူဟာကုန်းစခန်းကို KIA သိမ်းယူ
2024.02.03

ကချင်ပြည်နယ် ဖားကန့်မြို့နယ် နန့်တိန်ရွာက စစ်ကောင်စီတပ်ရဲ့ ဗျူဟာကုန်းတပ်စခန်းကို ဖေဖော်ဝါရီလ ၂ ရက်နေ့ ည ၈ နာရီဝန်းကျင်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းယူခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
တပ်မ (၃၃) လက်အောက်ခံ အင်အား ငါးဆယ်ဝန်းကျင်ရှိတဲ့ နန့်တိန်ဗျူဟာကုန်းဟာ မြစ်ကြီးနား-ဖားကန့် လမ်းမပေါ်မှာရှိပါတယ်။ အဲဒီတပ်စခန်းကိုရဖို့ KIAနဲ့ ပူးပေါင်းအဖွဲ့ဟာ ဇန်နဝါရီလ ၆ ရက်ကတည်းက စတင်တိုက်ခိုက်ခဲ့ပြီး တစ်လနီးပါးအကြာမှာ စခန်းတစ်ခုလုံးကို သိမ်းနိုင်ခဲ့တာပါ။
ဒီဗျူဟာကုန်းဟာ ဖားကန့်က စစ်ကောင်စီတပ်ထောက်ပို့လမ်းကြောင်းအတွက် အရေးပါတယ်လို့ KIA နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် (KPDF) တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“အခု သိမ်းထားတဲ့ ဗျူဟာကုန်းဟာ စစ်ဆင်ရေးအရ အရေးပါတဲ့ နေရာတွေပေါ့။ ကျန်တဲ့ဟာတွေကို ဆက်ပြီး စစ်ဆင်ရေး လုပ်မယ်ဆိုရင် တပ်ရင်းတစ်ခုနဲ့ တစ်ခု စစ်ကူမလာနိုင်အောင်၊ ရိက္ခာဖြတ်တောက်ထား နိုင်အောင်ပေါ့။ တစ်ခုနဲ့ တစ်ခု ထောက်ပို့လာတဲ့ လမ်းကြောင်းကို ဖြတ်တောက်လို့ရတာပေါ့”
စခန်းတစ်ခုလုံးကို မီးရှို့ဖျက်ဆီးလိုက်ပြီး တိုက်ပွဲအတွင်းက လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းနိုင်ခဲ့ တယ်လို့ သူက ပြောပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုတွေကို မပြောနိုင်သေးဘူးလို့ သူက ဆိုပါတယ်။
နန့်တိန် ဗျူဟာကုန်းစခန်း သိမ်းတာနဲ့ ပတ်သက်ပြီး KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် အစည်းအဝေး တက်ရောက်နေလို့ မဖြေဆိုနိုင်သေးကြောင်း ပြောပါတယ်။
ဒီ့အပြင် စစ်ကောင်စီက ချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ဦးသန့်ဇင်ကိုကို ကို RFAက ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် စက်ပိတ်ထားပါတယ်။
KIA ပူးပေါင်းတပ်တွေဟာ ဖားကန့်မြို့နယ်က နန့်တိန် ဗျူဟာကုန်းစခန်းနဲ့ ဝှေခါ ဗျူဟာကုန်းစခန်းကို ဇန်နဝါရီလ ၆ ရက်ကတည်းက ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ ဖားကန့်ကျောက်စိမ်းလုပ်ကွက်တွေကို ထိန်းချုပ်ထားတဲ့ ဝှေခါ ဗျူဟာကုန်းစခန်းကိုတော့ ဇန်နဝါရီလ ၂၀ ရက်ကတည်းက သိမ်းယူနိုင်ခဲ့ပါတယ်။