ဖားကန့် လေကြောင်းတိုက်ခိုက်ခံရမှု နော်ဝေနိုင်ငံခြားရေးဝန်ကြီး တုန်လှုပ်

2022.10.26
ဖားကန့် လေကြောင်းတိုက်ခိုက်ခံရမှု နော်ဝေနိုင်ငံခြားရေးဝန်ကြီး တုန်လှုပ် နော်ဝေနိုင်ငံခြားရေးဝန်ကြီး Ms Anniken Huitfeldt ကို ၂၀၂၂ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာ တွေ့ရစဉ်။
Photo: JOHN MACDOUGALL / AFP

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတွေေသေဆုံးမှုကို ဝမ်းနည်းတုန်လှုပ်မိတယ်လို့ နော်ဝေနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်ကို နော်ဝေးအစိုးရဝက်ဘ်ဆိုက်ကနေ အောက်တိုဘာ ၂၆ ရက် ဒီနေ့မှာ ဖော်ပြထားပါတယ်။

"မြန်မာနိုင်ငံ ကချင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ ဒါဇင်နဲ့ချီ သေဆုံးခဲ့ရတာကို ကျမ ဝမ်းနည်းတုန်လှုပ်မိပါတယ်"

အရပ်သားတွေကို တိုက်ခိုက်တာ လုံး၀လက်ခံနိုင်စရာမရှိကြောင်းနဲ့ ဒီအတွက် တာဝန် ရှိသူတွေက တာဝန်ယူရလိမ့်မယ်လို့ နော်ဝေနိုင်ငံခြားရေးဝန်ကြီး Ms Anniken Huitfeldt က ပြောထားတာပါ။

ဒီတိုက်ခိုက်ခံရမှုအပေါ် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက ပြစ်တင်ရှုတ်ချကြောင်း အောက်တိုဘာ ၂၅ ရက်နေ့မှာ ထုတ်ပြန်ထားသလို အာဆီယံဥက္ကဋ္ဌကလည်း မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ မြင့်တက်လာတဲ့ အခြေအနေကို အလွန်စိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်နေ့ညက ဖားကန့်မြို့ KIA တပ်မဟာ (၉) နယ်မြေ အနန့်ပါမှာ စစ်ကောင်စီရဲ့ လေကြောင်းကတိုက်ခိုက်မှုကြောင့် လက်ရှိအချိန်အထိ သေဆုံးသူ ၆၃ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၆၁ ဦးရှိခဲ့တယ်လို့ KIO သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ RFA ကို ဒီနေ့ ပြောပါတယ်။

KIO ဗဟိုကတော့ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အနန့်ပါ (Anang Pa) ဟာ KIA စခန်းမဟုတ်ဘဲ ခရီးသွားပြည်သူတွေ ခေတ္တခဏ အနားယူကြတဲ့ ဈေးဆိုင်တန်းစခန်းငယ် နေရာဖြစ်တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်စခန်းတွေကို အကြိမ်ကြိမ် တိုက်ခိုက်မှုတွေရှိခဲ့တာကြောင့် ကချင် လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ တပ်မဟာ ၉ နယ်မြေကို လိုအပ်သလို စစ်ဆင်ရေး တွေ တန်ပြန်ဆောင်ရွက်ခဲ့တာလို့ စစ်ကောင်စီက နိုင်ငံပိုင်သတင်းစာတွေမှာ မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။