တန့်ဆည်မြို့နယ် ချောင်းဆုံရွာမှာ နေအိမ်တွေ မီးရှို့ခံရ

RFA Burmese
2023.01.06
တန့်ဆည်မြို့နယ် ချောင်းဆုံရွာမှာ နေအိမ်တွေ မီးရှို့ခံရ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့က ချောင်းဆုံ (တ) ကျေးရွာကို အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခုဟာ ဒီနေ့ မနက် ၉ နာရီ ဝန်းကျင်မှာ ရွာထဲကို ဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အိမ်ခြေ ၅၅၀ ကျော်ရှိတဲ့ ချောင်းဆုံ (တ) ကျေးရွာက ဒေသခံတွေဟာ လွန်ခဲ့တဲ့ လေးရက်လောက်က စတင်ရှောင်တိမ်းခဲ့ကြပြီး လူမရှိတဲ့အိမ်တွေကို စစ်ကောင်စီ တပ်တွေက မီးလိုက်ရှို့နေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

“ရှောင်နေတာက သုံးညအိပ် လေးရက်ရှိပြီဗျ။ ရွာကအကုန်လုံး လူရွှေ့ထားတာ။ အခြေအနေကတော့ မီးခိုးတွေ မှိုင်းလုံးနေတာပဲဗျာ။ လွန်နေပြီ”

ချောင်းဆုံ (တ) ကျေးရွာအပြင် နီးစပ်ရာရွာတွေက ဒေသခံတွေပါ ဘေးလွတ်ရာကို ရှောင်တိမ်းနေရတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ အရေအတွက်ကို တိတိကျကျ ခန့်မှန်းဖို့ ခက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ လယ်ကွင်းပြင်ကို လှည်းတွေနဲ့ သွားပြီး အရိပ်ရှိတဲ့နေရာတွေမှာ ခိုလှုံနေရတယ်လို့လည်း ဆိုပါတယ်။

မနေ့ ဇန်နဝါရီ ၅ ရက်နေ့ကလည်း စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခုဟာ တန့်ဆည် မြို့နယ်က အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ ကျွန်းတောကုန်းရွာကို ဝင်ရောက်မီးရှို့ခဲ့တဲ့အတွက် တစ်ရွာလုံးနီးပါး ပြာကျခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က ဒီနေ့ ဆက်သွယ်မေးမြန်းခဲ့ရာမှာ လုံခြုံရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေကို သူမသိဘူးလို့ ပြန်လည်ဖြေကြားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တန့်ဆည်မြို့နယ်ရှိ ကျေးရွာ ၈၃ ရွာက လူနေအိမ် ၃,၄၇၄ လုံး၊ ဘာသာရေး အဆောက်အအုံ ကိုးလုံး၊ စာသင်ကျောင်း တစ်ကျောင်းနှင့် ဆေးရုံ ဆေးခန်း တစ်ခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တန့်ဆည်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇန်နဝါရီလ ၅ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်သား ၈၁ ဦးကို သတ်ဖြတ်ခဲ့ပြီး ဒေသခံ အမျိုးသမီးတစ်ဦးကိုလည်း အဓမ္မပြုကျင့်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ အရပ်သား နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေကြောင့် ဒေသခံ တစ်သောင်းခွဲကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ဒေသခံ တစ်သောင်း ရှစ်ထောင်ခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ အဲဒီအဖွဲ့ကပဲ ထုတ်ပြန်ထားပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့ဖြစ်တဲ့ Data for Myanmar ရဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စစ်ကိုင်းတိုင်းဟာ မီးရှို့ခံရမှု အများဆုံး တိုင်းတစ်ခုဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ နိုဝင် ဘာလ ၃၀ ရက်နေ့အထိ စစ်ကိုင်းတိုင်းမှာ နေအိမ် ၂၇,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။