ရိုးသားတဲ့ မြန်မာလူငယ် ထိုင်းပိုင်ရှင်ကို ငွေအိတ်ကြီး ပြန်ပေး


2014.09.24

ထိုင်းဘတ်ငွေ တစ်သန်း ပြန်ပေးခဲ့သူ မြန်မာအလုပ်သမားတစ်ယောက်ကို ပိုင်ရှင်တွေက ဘတ်ငွေ တစ်ထောင် ဆုချခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းက ဖေါ်ပြပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့က စားသောက်ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်နေသူ လာနာမူ အမည်ရှိ မြန်မာနိုင်ငံသား အလုပ်သမားတစ်ယောက်ဟာ အင်္ဂါနေ့က သက်ကြီးပိုင်း ထိုင်း ဇနီးမောင်နှံနှစ်ဦး စားသောက်သွားတဲ့ စားပွဲတစ်လုံးကို သန့်ရှင်းရေးလုပ်နေရင်း သားရေအိတ်တစ်လုံး ကျန်ရစ်ခဲ့တာတွေ့ရှိခဲ့ပါတယ်။

အဲဒါကြောင့် ဆိုင်အပြင်ဘက် ပြေးထွက်ပြီး အသိပေးဖို့ ကြိုးစားခဲ့ပေမဲ့၊ မောင်းထွက်သွားပြီဖြစ်တဲ့ ထိုင်း ဇနီးမောင်နှံနှစ်ဦးရဲ့ ကားကို မမီလိုက်တော့ပါဘူး။ အိတ်က အတော်အတန်လေးတာကြောင့် အဖိုးတန်ပစ္စည်းတွေပါနိုင်တယ်လို့ ခန့်မှန်းမိပေမဲ့၊ အိတ်ကိုမဖွင့်ဘဲ  စားသောက်ဆိုင်ပိုင်ရှင်ဆီ အပ်လိုက်ပါတယ်။ ဆိုင်ရှင်က ပိုင်ရှင်တွေကိုဆက်သွယ်နိုင်မယ့် အထောက်အထားရှာဖွေဖို့ အိတ်ကို ဖွင့်ကြည့်လိုက်တဲ့အခါ အိတ်ထဲမှာ ထိုင်းဘတ်ငွေ တစ်သန်းကျော်   ငွေစက္ကူတွေ အထပ်လိုက်တွေ့လိုက်ရပါတယ်။

အဲဒီနောက် မကြာခင်မှာပဲ ထိုင်း ဇနီးမောင်နှံနှစ်ဦး အပြေးအလွှားပြန်ရောက်လာကြလို့ အိတ်ကို ပြန်လည် အပ်နှံလိုက်ပါတယ်။ ဘန်ကောက်မြို့ လုပ်ငန်းရှင်တွေဖြစ်ပါတယ်လို့ ပြောဆိုခဲ့ကြတဲ့ အဲဒီ သူဌေးလင်မယားက မြန်မာအလုပ်သမားလေးရဲ့ ရိုးသားမှုကို ချီးကျူးခဲ့ကြပြီး ဘတ်ငွေ တစ်ထောင် ဆုချခဲ့ကြပါတယ်။

မြန်မာ အလုပ်သမားလေးရဲ့ ရိုးသားမှုအတွက် သူတို့ဆုချခဲ့တဲ့ ငွေတန်ဖိုးဟာ၊ ပြန်ရခဲ့တဲ့ငွေရဲ့ တစ်ရာခိုင်နှုန်း သာရှိတယ်လို့ ဘန်ကောက်ပို့စ် သတင်းက ဖေါ်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။