ဒု-ဗိုလ်မှူးကြီးနှစ်ဦး ဒီမိုကရေစီ အင်အားစုတွေနဲ့ လာရောက်ပူးပေါင်း
2022.02.25
ပြီးခဲ့တဲ့တစ်ပတ်အတွင်း စစ်ကောင်စီကို ဆန့်ကျင်တဲ့ ဒု ဗိုလ်မှူးကြီး နှစ်ဦး လွတ်မြောက်နယ်မြေတွေကို ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။ တဦးက ကြည်းတပ်က တပ်မှူးတဦးဖြစ်ပြီး နောက်တစ်ဦးကတော့ ကြည်းတပ်က မဟုတ်ဖူးလို့ ဆိုပါတယ်။ ဒါဟာ မနှစ်က ဖေဖော်ဝါရီလ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း CDM အာဏာဖီဆန်ရေးမှာ ပါဝင်လာခဲ့တဲ့ ကြည်းရေလေတပ်ဖွဲ့ဝင်တွေနဲ့ ရဲဝန်ထမ်းတွေထဲမှာ ရာထူးအမြင့်ဆုံးက ဗိုလ်မှူးအထိပဲ ရှိခဲ့ရာကနေ ပထမဆုံးအကြိမ် ဒု-ဗိုလ်မှူးကြီးအဆင့်တွေ ပါဝင်လာခြင်းပါပဲ။
ပြည်သူ့စစ်သားအဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်ကြီး ညီသုတက အခုလို ဒု ဗိုလ်မှူးကြီး နှစ်ဦး စစ်ကောင်စီကို ဆန့်ကျင်ပြီး ပြည်သူ့ဘက် ကူးပြောင်းလာမှုကို အတည်ပြုရင်း စစ်တပ်ကို ထပ်မံစွန့်ခွာလာမယ့် အဆင့်မြင့်အရာရှိတွေ ရှိနေတယ်လို့ RFA ကိုပြောပါတယ်။
“ဒုတိယဗိုလ်မှုးကြီးအဆင့် နှစ်ဦး စစ်တပ်ကနေ စွန့်ခွာတယ်ဆိုတာကိုတော့ ကျနော်တို့ အတည်ပြုလို့ရပါတယ်။ ပထမဆုံး နွေဦးစတင်တဲ့ အချိန်တုန်းကတော့ captainနဲ့ တခြားအဆင့်တွေပဲ ပြည်သူ့ဘက်ကို ရပ်တည်ရတဲ့ အနေအထားပေါ့။ ရာထူးကြီးတဲ့သူတွေ အနေနဲ့ကလည်း အများကြီး ချိန်ဆရတဲ့ အပိုင်းတွေလည်း ရှိပါတယ်။ ဒီလူတွေကလည်း လပေါင်းများစွာ စီစဉ်တိုင်ပင်ပြီးတော့မှ လုပ်ရတာ ဖြစ်ပါတယ်။ လုံခြုံရေးအရ ကျနော်တို့ ထုတ်ပြောလို့မရပေမဲ့ သူတို့ထက် ရာထူးမြင့်တဲ့ ဗိုလ်မှုးကြီးနဲ့ အဲဒီအထက်ပိုင်းတွေတောင်မှ ပြည်သူ့ဘက်ရပ်တည်ဖို့ စဉ်းစားနေတာတွေ ကျနော်တို့ သိရှိထားပါတယ်”
အခုလို ဒု ဗိုလ်မှူးကြီး နှစ်ဦး လွတ်မြောက်နယ်မြေရောက်ရှိလာတာကို CDM မှာ ပါဝင်နေတဲ့ တခြား တပ်မတော်အရာရှိတချို့ကလည်း အတည်ပြု ပြောဆိုကြပေမယ့် လုံခြုံရေးအရ အဲဒီသူတွေရဲ့ မူလတာဝန်နဲ့ အမည်စတဲ့ အသေးစိတ် အချက်အလက်တွေကို လတ်တလော ထုတ်ဖော်ပြောကြားဖို့ ငြင်းဆိုကြပါတယ်။ လက်ရှိ ဒုဗိုလ်မှူးကြီးနှစ်ဦးအပြင် နောက်ထပ် ဒု ဗိုလ်မှူးကြီးတဦးလည်း စစ်ကောင်စီကိုဆန့်ကျင်ပြီး ထွက်ခွာလာခဲ့ပေမယ့် တော်လှန်ရေးအဖွဲ့အစည်းတွေကို အခုအချိန်အထိ အဆက်အသွယ်ပြုလုပ်ခြင်း မရှိဘူးလို့လည်း အဲဒီ CDM အရာရှိတချို့က ပြောပါတယ်။
ဒီလလယ်ပိုင်းကလည်း လေတပ်က လေယာဉ်မှူးတဦးဖြစ်တဲ့ ဗိုလ်ကြီး ဇင်သူအောင် ဆိုသူဟာ သူ့မိသားစုနဲ့အတူ ကယားပြည်နယ်မှာ ဒီမိုကရေစီ ပြန်လည်ရရှိရေးလှုပ်ရှားနေတဲ့အဖွဲ့တွေကို ဆက်သွယ်ပြီး CDM မှာ ပါဝင်လာခဲ့ပါတယ်။ သူကတော့ ပထမဆုံး CDM လေယာဉ်မှူးဖြစ်ပါတယ်။ ဗိုလ်ကြီး ညီသုတ ကတော့ အာဏာသိမ်းပြီး တနှစ်အကြာမှာ အခုလို အဆင့်မြင့်အရာရှိတွေ ပါဝင်လာမှုကို ထောက်ပြရင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီအနေနဲ့ သူ့လက်အောက်ခံတပ်ဖွဲ့တွေကို ထိန်းသိမ်းဖို့အတွက် တစ်နေ့တခြား အခက်ကြုံနေရပြီဆိုတာ ထင်ရှားတယ်လို့ ဝေဖန်ပါတယ်။
“ဒါတွေက ဘာပြနေသလဲဆိုရင် စစ်ကောင်စီတပ်ထဲမှာ ရှိနေတဲ့ တပ်မှူးတွေ ရာထူးကြီးတဲ့သူတွေကအစ စစ်ကောင်စီရဲ့ ခေါင်းဆောင်မှုအပေါ်မှာ ယုံကြည်မှု နည်းလာတာကို ပြသနေတယ်ခင်ဗျ။ သူတို့အနေနဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေက မမှန်ကန်ဘူး၊ တပ်မတော်ရဲ့အနာဂတ် ပျောက်ဆုံးနေပြီ ဆိုတာ သူတို့ ကောင်းကောင်း နားလည်တဲ့ အနေအထားမျိုးပါ။ တချို့က အရှေ့ကဘယ်သူလုပ်မလဲ လုပ်တဲ့သူ ရှိပါ့မလားဆိုတဲ့ ချိန်ဆမှုမျိုးတွေ ရှိတယ်။ အဲလိုချိန်ဆသူတွေအတွက် ကြီးမားတဲ့သက်ရောက်မှုတခု ဖြစ်ပါလိမ့်မယ်။ တပ်မတော်အနေနဲ့ သိက္ခာပြန်ဆယ်ဖို့အတွက်က တပ်တွင်းမှာ ထမ်းဆောင်နေတဲ့ စစ်သည်တွေ၊ အရာရှိတွေ၊ အထူးသဖြင့် တပ်မှူးတွေ ရာထူးကြီးတဲ့ကိုယ်တိုင်က စစ်ကောင်စီကို ပြန်ဆန့်ကျင်ဖို့ ဒီတနည်းပဲ ရှိတယ်။ ဒါကို နားလည်လာတဲ့ တပ်မှူးတွေ ရာထူးကြီးသူတွေ ပိုများလာတာဟာ နွေဦးတော်လှန်ရေး အောင်မြင်ဖို့အတွက် အင်မတန် ကြီးမားတဲ့ တွန်းအားတွေပဲ ခင်ဗျ”
အခုလို ဒု ဗိုလ်မှူးကြီး နှစ်ဦး ပြည်သူ့ဘက် ကူးပြောင်းလာမှုကို NUG အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ရင်ခွင် ခိုလှုံရေးအစီအစဉ် အကောင်အထည်ဖော်မှုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးနေဘုန်းလတ် က ကြိုဆိုလိုက်ပါတယ်။
“အခုရှိသမျှထဲမှာတော့ ဒါ အမြင့်ဆုံး ဖြစ်ပါတယ်၊ အဲဒီအတွက် ကျနော်တို့အနေနဲ့ ကြိုဆိုတယ်၊ တချို့ကျတော့လဲ အခက်အခဲမျိုးစုံကြောင့် မထွက်လာနိုင်သေးဘဲနဲ့ အထဲကနေဘဲ တော်လှန်ရေးကို အားဖြည့်ကူညီနေတာတွေ အများကြီးရှိတယ်၊ အဲဒီသူတွေကိုလဲ ကျေးဇူးတင်ပါတယ်။ တပ်မတော်သားတွေ နဲ့ ရဲတွေ ပြည်သူ့ရင်ခွင် ခိုလှုံမှုများလာလေလေ တော်လှန်ရေးက သွေးထွက်သံယိုနည်းနည်းနဲ့ အောင်မြင်မှု ပိုနီးစပ်လေဘဲ လို့ ကျနော်တို့ ခံယူထားတယ်။ အဲဒါကြောင့်မို့ NUG အနေနဲ့လည်း ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ် အကောင်အထည်ဖော်မှုကော်မတီဆိုပြီး ဝန်ကြီးချုပ် ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်နေတာတွေ ရှိပါတယ်။ တပ်မတော်သားတွေ ဖြစ်ဖြစ် ရဲတွေပဲ ဖြစ်ဖြစ် အခုဆိုရင် အားလုံးလဲ ဘယ်သူကမှန်လဲ ဘယ်သူကမှားလဲ သိနေပြီမို့ အမြန်ဆုံး ပြည်သူ့ရင်ခွင်ခိုလှုံကြပါလို့ ကျနော် တိုက်တွန်းချင်ပါတယ်ခင်ဗျ”
သူတို့ကို လက်ရှိမှာ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ကူညီပေးနေပြီး ဒီအဆင့်မြင့်အရာရှိတွေဟာ အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လူမျိုးတုံး သတ်ဖြတ်မှုတွေနဲ့ စပ်လျဉ်းပြီး နိုင်ငံတကာအဖွဲ့အစည်းတွေက အရေးယူအပြစ်ပေးရေးအတွက် အရေးပါတဲ့ သက်သေတွေ ဖြစ်လာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက ပြောပါတယ်။
အခုနောက်ဆုံးထွက်လာတဲ့ စစ်တပ်အရာရှိတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ဆက်သွယ်လို့ မရသေးပါဘူး။