စစ်ကောင်စီ တပ်ဖွဲ့ဝင် ငါးဦး PDF အဖွဲ့တွေထံ CDM ဝင်ရောက်

RFA Burmese
2025.02.25
စစ်ကောင်စီ တပ်ဖွဲ့ဝင် ငါးဦး PDF အဖွဲ့တွေထံ CDM ဝင်ရောက် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် နယ်စပ်တွင်ရှိသည့် ဖယ်ခုံပြည်သူ့ကာကွယ်ရေး (၁၀၀၆) တပ်ရင်းထံ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပါဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးအား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က တွေ့ရစဉ်။
Battalion 1006 Pekhon PDF-2

ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး ဖေဖော်ဝါရီ ၂၄ ရက်နေ့က အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လုပ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းခဲ့ပါတယ်။

ချင်းပြည်နယ် ဟားခါးမြို့နယ်က စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး CDM လုပ်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Senthang Revolution Force (SRF PDF) ထံကို ဖေဖော်ဝါရီ ၂၄ ရက်နေ့က ပူးပေါင်းလာတာလို့ SRF PDF က ထုတ်ပြန်ပါတယ်။

CDM ဝင်လာ သူနှစ်ဦးဟာ လက်နက်ခဲယမ်းတွေယူပြီး စစ်ကောင်စီတပ်စခန်းတွေကို စွန့်ခွာလာတာလို့ အမည်မဖော်လိုတဲ့ SRF PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“အများအားဖြင့်က အတင်းအဓမ္မဖမ်းဆီးခံရတာ။ သူတို့တွေက စစ်မှုမထမ်းဆောင်ချင်တော့လို့ ဆက်သွယ်လာတယ်။ ကျွန်တော်တို့ဘက်ကို ပူးပေါင်းပါဝင်လာဖို့ ဆက်သွယ်လာတာပေါ့။ အချင်းချင်းမပြစ်ချင်တဲ့သူတွေ တော်လှန်ရေးတပ်ဖွဲ့တွေထံကို ပါဝင်လာဖို့ ပြောချင်ပါတယ်”

အလားတူ ရှမ်းပြည်နယ် မိုးဗြဲအခြေစိုက် ခမရ (၄၂၂) တပ်မှာတာဝန်ကျနေတဲ့ ခမရ ၅၁၈ တပ်ရင်းက တပ်သားသုံးဦးလည်း ရှမ်း-ကယားနယ်စပ်မှာရှိတဲ့ ဖယ်ခုံပြည်သူ့ကာကွယ်ရေး (၁၀၀၆) တပ်ရင်းကို ဖေဖော်ဝါရီ ၂၄ ရက်နေ့က ပူးပေါင်းလာတယ်လို့ ဖယ်ခုံ PDF က ဆိုပါတယ်။

အဲဒီတပ်သားတွေဟာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းအတွက် အဓမ္မဖမ်းဆီးခံထားရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် MA1 တစ်လက်၊ MA3 နှစ်လက်နဲ့ ကျဉ်တောင့် ၁၂ဝ ယူဆောင်လာတယ်လို့ ဆိုပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေထံ ပူးပေါင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ငွေကြေးနဲ့ ရိက္ခာအကူအညီတွေပေးခဲ့ပြီး မိသားစုဝင်တွေနဲ့ တွေ့ဆုံနိုင်ဖို့ ကူညီပေးသွားမယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ CDM ဝင်တာနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံမဖြေဆိုပါဘူး။

၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီတပ်သား၊ ရဲတပ်ဖွဲ့ဝင်နဲ့ အကျဉ်းဦးစီးဝန်ထမ်း ၅၀၇ ဦး အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ တစ်လထဲမှာပဲ စစ်ကောင်စီတပ်သား စုစုပေါင်း ၁၃၆ ဦးဟာ အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) အဖြစ် ပြည်သူ့ရင်ခွင်ကို ခိုလှုံလာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ရီလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။