စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦး ဒေါနစစ်ကြောင်းထံ CDM ဝင်ရောက်

RFA Burmese
2025.02.20
စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦး ဒေါနစစ်ကြောင်းထံ CDM ဝင်ရောက် လက်နက်များနှင့်အတူ ဒေါနစစ်ကြောင်းကို ပူးပေါင်းလာကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းတာဝန်ရှိသူနှင့်အတူ ရိုက်ကူးထားသည့်ပုံအား ၂ဝ၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က ထုတ်ပြန်ထားစဉ်။
Photo: Daw Na Column-P29902

တနင်္သာရီမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ခမရ (၅၅၈) တပ်ရင်းက တပ်ကြပ်ကြီးတစ်ဦးအပါအဝင် တပ်သား ခုနစ်ဦး အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လုပ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တစ်ခု ဖြစ်တဲ့ ဒေါနတပ်ရင်း နဲ့ ပူးပေါင်းလာကြောင်း ဒေါနတပ်ရင်းက ဖေဖော်ဝါရီ ၂၀ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

CDM ဝင်လာသူတွေဟာ စစ်ကောင်စီရဲ့ အတင်းအဓမ္မတပ်သားအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသူတွေ ဖြစ်ပြီး စစ်ကောင်စီတပ်စခန်းကို စွန့်ခွာပြီး လက်နက်ခဲယမ်းတွေနဲ့အတူ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က လာရောက်ပူးပေါင်းခဲ့တာဖြစ်ကြောင်း ဒေါနတပ်ရင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတပ်ရင်းမှူး ရဲဘော်ဝေကြီးက ပြောပါတယ်။

“သူတို့က ချိတ်ဆက်လာလို့ လမ်းတစ်ဝက်ကနေ သွားရောက်ပြီး ဒီတပ်ရင်းကို ခေါ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ ခုနစ်ယောက်လုံးက လက်နက်ပါတယ်။ အခု ခုနစ်ယောက်လုံးက ပေါ်တာအဆွဲခံရတာပေါ့နော်။ စစ်မှုထမ်းထဲမှာလည်း သူတို့က နာမည်စာရင်း မပါထားတဲ့သူတွေ။ ညကြီးသန်းခေါင်ယံမှာ ဆွဲခံရတဲ့သူတွေမဟုတ်ဘူး။ အများစုက အလုပ်လုပ်ပြီးပြန်လာချိန် ဖမ်းဆီးခေါ်ဆောင်ခံရပြီး ရဲစခန်းကနေ စုဆောင်းရေးတွေရောက်ပြီး တပ်စခန်းတွေ ရောက်ခဲ့ရတဲ့သူတွေ ”

အဲဒီတပ်သားတွေဟာ စစ်ကောင်စီရဲ့ အတင်းအဓမ္မစုဆောင်းခံရပြီးနောက် အမှတ်(၁၂ ) တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်း၊ သထုံအမှတ် (၉) အခြေခံ လေ့ကျင့်ရေးကျောင်း၊ အမှတ်(၆) စစ်အခြေခံလေ့ကျင့်ရေးတပ် ရွှေမြှင့်တင် (ပုသိမ်) သင်တန်းကျောင်းတွေက သင်တန်းအပတ်စဉ် (၅) နဲ့ (၆) သင်တန်းဆင်းတပ်သားတွေလို့လည်း ဆိုပါတယ်။

CDM ဝင်လာသူတွေကို ငွေကြေးနဲ့လိုအပ်တဲ့ ထောက်ပံ့တာတွေကို ကူညီခဲ့တယ်လို့ ဒေါနစစ်ကြောင်းက ပြောပါတယ်။ လေးနှစ်တာအတွင်း ဒေါနစစ်ကြောင်းကို ပူးပေါင်းပါဝင်လာသူ ၁၈ ဦး ရှိတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီရဲ့ အတင်းအဓမ္မတပ်သားစုဆောင်းခံရသူတွေအပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုတဲ့ တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ လက်နက်ချပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင်ကို ခိုလှုံကြဖို့ ဒေါနတပ်ရင်းက တိုက်တွန်းထားပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ ၂ဝ၂၁ ခုနှစ်ကနေ ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလအထိ လေးနှစ်အတွင်း အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်လာတဲ့ ရဲနဲ့ စစ်သား တစ်သောင်းခွဲနီးပါးရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။