စစ်ကောင်စီတပ်သားနဲ့ ရဲ ခြောက်ဆယ်ကျော် CDM ဝင်လာကြောင်း NUG ပြော
2025.03.04

ဖေဖော်ဝါရီ တစ်လအတွင်း စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့်ရှိ တစ်ဦး အပါအဝင် စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၆၄ ဦး အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) အနေနဲ့ ပြည်သူ့ရင်ခွင် ခိုလှုံလာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက မတ်လ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
NUG ရဲ့ ပြည်သူ့ရင်ခွင် အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေထံ ဆက်သွယ်ခိုလှုံခဲ့တာလို့ ဆိုပါတယ်။ လာရောက်ခိုလှုံတဲ့ ၆၄ ဦးမှာ လက်နက်နဲ့တကွ ခိုလှုံလာသူက ၄၅ ဦး ပါဝင်တယ်လို့ NUG က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ တစ်လအတွင်းမှာလည်း စစ်ကောင်စီတပ်သား ၁၃၆ ဦး CDM ဝင်ခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံအနှံ့တိုက်ပွဲတွေ ဖြစ်ပွားနေချိန် ရှေ့တန်းစစ်မျက်နှာကနေ ထွက်ပြေးကိုယ်လှုံလာတဲ့ ပြည်သူ့စစ်မှုထမ်း တပ်သားသစ်တွေလည်း နေ့စဉ် ရှိနေတယ်လို့ ကရင်နီဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်တပ်အာဏာသိမ်း ကာလအတွင်း CDM ဝင်လာတဲ့ စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၁၅၀၀၀ ခန့် ရှိလာပြီလို့ NUG က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ ထုတ်ပြန်ထားပါတယ်။