နေအပူရှိန်ကြောင့် ရုတ်တရက်သေဆုံးမှုတွေ ရှိလာ
2024.04.10

ရန်ကုန်မြို့မှာ နေအပူရှိန်ကြောင့် သုံးရက်အတွင်း လမ်ပေါ်မှာပဲ ရုတ်တရက် သတိလစ်မေ့မျောပြီး သေဆုံးတဲ့သူ သုံးဦးရှိသွားပြီလို့ လူမှုကူညီရေးအသင်းတွေက RFA ကိုပြောပါတယ်။
ဧပြီလ ၉ ရက်နေ့တစ်ရက်တည်း အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီးပေါ်မှာ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦး လဲကျသေဆုံးခဲ့ပြီး တောင်ဥက္ကလာ၊ ပါရမီလမ်းပေါ်မှာ ရဟန်းတစ်ပါး ပျံလွန်တော်မူခဲ့တယ်လို့ ဆိုပါတယ်။
ဧပြီလ ၇ ရက်နေ့ကလည်း ရွှေတိဂုံဘုရား၊ အနောက်ဘက်မုခ်မှာ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦး လမ်းပေါ်မှာပဲ လဲကျသေဆုံးခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။
တွဲလက်လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူ ဦးဇော်သိန်းကတော့ လမ်းပေါ်မှာ လဲကျသေဆုံးခဲ့တဲ့သူဟာ အပူရှိန်လွန်ကဲမှုကြောင့် ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးခဲ့တာလို့ RFA ကိုပြောပါတယ်။
"မနေ့က ညနေ ၅ နာရီအချိန်လောက်ပေါ့၊ နေအရမ်းပြင်းနေတဲ့ ၁၂ နာရီ၊ ၁ နာရီအချိန်မျိုးမှာတောင် မဟုတ်ဘူးနော်။ ကျန်နေတဲ့အပူရှိန်နဲ့ အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီး၊ မြို့သစ်ရပ်ကွက်ထဲက စိတ္တသုခလမ်းထိပ်မှာ အမျိုးသားတစ်ဦး ဦးနှောက်သွေးကြောပြတ်ပြီး လဲကျသေဆုံးသွားလို့ အင်းစိန်ဆေးရုံက ရင်ခွဲရုံကို ပို့လိုက်ပါတယ်။ ကျွန်တော်တို့ဆေးရုံပို့ထားခဲ့တဲ့အချိန်အထိတော့ သေဆုံးသွားတဲ့သူရဲ့ မိသားစုတောင် မသိကြသေးပါဘူး"
တောင်ဥက္ကလာပမြို့နယ်၊ သုံးဝိုင်း ပင်းယမှတ်တိုင်မှာ လဲကျပြီး ပျံလွန်တော်မူသွားတဲ့ ရဟန်းတစ်ပါးကိုလည်း မြောက်ဥက္ကလာဆေးရုံကြီးကို ပို့ထားခဲ့တယ်လို့ မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းက ပြောပါတယ်။
"နေ့လယ် ၂ နာရီလောက် တကယ့်နေပူချိန်ကြီးမှာဗျ။ အကြောင်းကြားလို့ သွားကူညီလိုက်တာ။ တောင်ဥက္ကပမြို့နယ်၊ သုံးဝိုင်း၊ ပင်းယမှတ်တိုင်နားမှာ နေပူကြီးထဲ ရုတ်တရက်လဲပြီး ပျံလွန်တော်မူသွားတာ၊ ကျွန်တော်တို့အသက်မမီပါဘူး။ မြောက်ဥက္ကလာဆေးရုံကိုပဲ ပို့ပေးထားခဲ့ပါတယ်"
သူ့တို့အသင်းအနေနဲ့ နေအပူရှိန်ကြောင့် သတိလစ်သေဆုံးသွားတဲ့သူကို အခုလို ကူညီပို့ဆောင်ပေးခဲ့တာ လက်ရှိ တစ်ဦးပဲ ရှိသေးတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဆေးရုံကိုရောက်ရှိချိန် ဆေးရုံတာဝန်ရှိသူအချို့ကနေ သူတို့အသင်းကို ပြောဆိုမှုအရ နေအပူရှိန်ကြောင့် လမ်းပေါ်မှာသေဆုံးပြီး မြောက်ဥက္ကလာဆေးရုံကို ရောက်လာတာ သုံးဦးလောက်ရှိနေပြီလို့ ဆိုပါတယ်။
ဒါကြောင့် ဒီအခြေအနေပေါ် အတိအကျသိရဖို့ မြောက်ဥက္ကလာပဆေးရုံကြီးဘက်ကို RFA အနေနဲ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
RFA အနေနဲ့ လက်ရှိအထိ လူမှုကူညီရေးအသင်းတွေဘက်က စာရင်းပဲသိရသေးပြီး နေအပူရှိန်ဒဏ်ကြောင့် သတိလစ်တဲ့သူ၊ သေဆုံးသွားသူစာရင်း အတိအကျကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ဒါ့အပြင် ဧပြီလ ၉ ရက်နေ့ကလည်း မန္တလေးမြို့၊ စျေးချိုမှာ စျေးဝယ်နေတဲ့အမျိုးသမီးတစ်ဦး အပူရှိန်ကြောင့် မူးလဲသွားလို့ ဆေးရုံပို့တဲ့အချိန်မှာပဲ သေဆုံးခဲ့ပါတယ်။
ဧပြီနဲ့ မေလအတွင်း အပူချိန်အမြင့်မားဆုံး ခံစားရနိုင်ဖွယ်ရှိပြီး စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးဒေသတွေမှာ အမြင့်ဆုံး အပူချိန်ရှိနေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။
ပူနွေးခြောက်သွေ့တဲ့ အယ်လ်နီညို (El Nino) ရာသီအကျိုးဆက်ကြောင့် မြန်မာနိုင်ငံတစ်ဝန်းမှာ နှစ်စဉ်ကြုံခဲ့ရတဲ့ နေ့အပူချိန်တွေထက် ဒီနှစ်ပိုပူလာပြီး ရန်ကုန်မြို့၊ ပန်းခြံတွေထဲမှာ အပူရှောင်သူတွေ၊ စျေးဝယ်စင်တာတွေမှာ အပူရှောင်သူတွေ များနေပါတယ်။