ထိုင်းမှာ နေ့အပူချိန်မြင့်တက်မှုကြောင့် လူသုံးဆယ် သေဆုံး
2024.04.25

ထိုင်းနိုင်ငံမှာ အခုနှစ် ပြင်းထန်တဲ့အပူချိန်ကြောင့် အနည်းဆုံး လူသုံးဆယ် သေဆုံးပြီးဖြစ်တယ်လို့ ထိုင်းအစိုးရက ဧပြီလ ၂၄ ရက်နေ့မှာ သတိပေးချက်ထုတ်ပြန်ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။
မြို့တော်အစိုးရအာဏာပိုင်တွေဟာ နေ့အပူချိန် ၅၂ ဒီဂရီဆဲလ်စီးယပ်နဲ့အထက် အပူချိန်မြင့်တက်နိုင်ဖွယ်ရှိတယ်လို့ သတိပေးထားတယ်လို့လည်း ဆိုပါတယ်။
ဧပြီလ ၂၄ ရက်နေ့မှာတော့ ဘန်ကောက်မြို့ရဲ့ အပူချိန်ဟာ ၄၀.၁ ဒီဂရီဆဲလ်စီးယပ်ရှိခဲ့ပြီး ဧပြီလ ၂၅ ရက်နေ့မှာ အလားတူ အပူချိန်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဧပြီလ ၁၇ ရက်နေ့အထိ အပူလှိုင်းဖြတ်မှုကြောင့် သေဆုံးသူ သုံးဆယ်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ် တစ်နှစ်လုံးမှာ အပူလှိုင်းကြောင့် ၃၇ ဦး သေဆုံးမှုရှိခဲ့တယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ဧပြီလ ၂၄ ရက်နေ့က ထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံနဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ ဧပြီလဟာ နှစ်တစ်နှစ်ရဲ့ အပူဆုံးအချိန်ဖြစ်ပြီး အခုနှစ်မှာတော့ အယ်နီညိုရာသီဥတုကြောင့် အပူချိန်ပိုပြင်းထန်တယ်လို့ ဆိုပါတယ်။
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်မှာလည်း ဧပြီလ ၂၄ ရက်နေ့က အပူချိန် ၄၅.၉ ဒီဂရီဆဲလ်စီးယပ်အထိရောက်ရှိခဲ့ပြီး ဧပြီလ ၂၅ ရက်နေ့မှာလည်း အလားတူအပူချိန် ရောက်ရှိဖို့ ခန့်မှန်းထားပါတယ်။
မြန်မာနိုင်ငံရဲ့ မကွေးတိုင်း ချောက်မြို့ကတော့ ဧပြီလ ၂၄ ရက်နေ့က နေ့အပူချိန် ၄၆.၂ ဒီဂရီဆဲလ်စီးယပ်နဲ့ တစ်နိုင်ငံလုံးမှာ အပူချိန်အမြင့်ဆုံးမြို့အဖြစ် စံချိန်တင်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာလည်း ဧပြီလကစလို့ မြင့်မားတဲ့အပူချိန်ကြောင့် လူသေဆုံးမှုတွေရှိနေပေမယ့် စစ်ကောင်စီက တိတိကျကျ ထုတ်ပြန်သတိပေးတာမျိုး မရှိသေးပါဘူး။