ချောက်မှာ စံချိန်တင်အပူချိန်ကြောင့် နေ့စဉ်သေဆုံးမှုရှိနေ
2024.04.29
Updated 2:22 PM Apr 29, 2024
မကွေးတိုင်း ချောက်မြို့မှာ စံချိန်တင်အပူချိန် မြင့်နေတဲ့ကာလအတွင်း အပူရှပ်မှု (Heatstroke) ကြောင့် တစ်နေ့ကို လေးဦးခန့် သေဆုံးနေတယ်လို့ လူမှုကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ဧပြီလ ၂၉ ရက်ဒီနေ့ RFA ကို ပြောပါတယ်။
ချောက်မြို့ အပူချိန်ဟာ အနိမ့်ဆုံး ၄၅ ဒီဂရီဆဲလ်ဆီးယပ်ကနေ ၄၇ ဒီဂရီဆဲလ်ဆီးယပ်အထိ ရှိနေတာကြောင့် သက်ကြီးရွယ်အိုနဲ့ ရောဂါအခံရှိသူတွေ သေဆုံးမှု များနေတာလို့ ချောက်မြို့ရဲ့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။
“အပူချိန်ကြောင့် သေဆုံးတာတော့ သက်ကြီးရွယ်အိုတွေ ၇၅ နဲ့ ၈၀ ကျော်ကတော့ မကြာခဏပဲ သေဆုံးနေတာပဲ။ အပူများလွန်းလို့ပေါ့ဗျာ။ တစ်နေ့ သေဆုံးတဲ့နှုန်းက လေးယောက်ခန့်ရှိတယ်။ အဲဒီလေးယောက်ထဲ အသက်ကြီးထဲက သုံးယောက်ဆို လူငယ်ထဲကတစ်ယောက် အဲဒီလိုမျိုးပေါ့။ ပျမ်းမျှအားဖြင့် လေးယောက်နှုန်းလောက်ကတော့ သေဆုံးနေတာပေါ့”
ချောက်မြို့အပါအဝင် မကွေးတိုင်းနဲ့ မန္တလေးတိုင်းမှာ အပူချိန်မြင့်တက်ခဲ့တဲ့ မတ်လဒုတိယအပတ်ကနေ လက်ရှိအချိန်အထိ တစ်လခွဲအတွင်း လူပေါင်း ၁၅၀ ခန့် သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
ကျန်းမာရေးဌာနဘက်က ဒေသခံတွေအနေနဲ့ မြစ်ကမ်းနားတွေမှာ မနက် ၁၀ နာရီကနေ ညနေ ၅ နာရီအတွင်း ရေမချိုးဖို့ ထုတ်ပြန်ထားတယ်လို့လည်း ကူညီပေးနေသူတွေက ပြောပါတယ်။
လူမှုကူညီရေးအဖွဲ့တွေအနေနဲ့ သက်ကြီးရွယ်အိုတွေကို ဆေးရုံ၊ ဆေးခန်းဆီ အချိန်မီရောက်အောင် ကူညီပေးနေသလို နေအိမ်တွေမှာပဲ ရှေးဦးသူနာပြုစုနည်းတွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်ပေးနေရတယ်လို့ ဆိုပါတယ်။
ကမ္ဘာ့အပူချိန်နဲ့ မိုးရေချိန်တွေကို တိုင်းတာထုတ်ပြန်တဲ့ အယ်ဒိုရာဒို ရာသီဥတု ဝဘ်ဆိုက်စာမျက်နှာရဲ့ ဧပြီလ ၂၈ ရက်နေ့ ည ၁၁ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ ချောက်မြို့ဟာ ၄၈ ဒသမ ၂ ဒီဂရီဆဲလ်ဆီးယပ်နဲ့ ကမ္ဘာ့အပူချိန် အမြင့်ဆုံး နံပါတ်တစ်နေရာမှာ ရှိနေပါတယ်။
မန္တလေးမြို့မှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း (Heatstroke) ကြောင့် သေဆုံးမှုတွေ ရှိလာသလို ဧပြီလထဲမှာတင် လူနာဆယ်ဦးခန့် မန္တလေးဆေးရုံကြီးကို ကူညီပို့ဆောင်ပေးခဲ့ရပြီး အဲဒီထဲက တစ်ဝက်ခန့် သေဆုံးခဲ့တယ်လို့ မဏီစလ လူမှုကူညီရေးအသင်းက RFA ကို ဖြေဆိုထားပါတယ်။