စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် မတ္တရာမြို့နယ်က ကလေးနှစ်ဦးသေဆုံး

RFA Burmese
2024.12.26
စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် မတ္တရာမြို့နယ်က ကလေးနှစ်ဦးသေဆုံး မန္တလေးတိုင်း မတ္တရာမြို့နယ် ထန်းတောကုန်းတဲတိုက် ဘုန်းကြီးကျောင်းဝင်းအတွင်း ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့က လက်နက်ကြီးကျရောက်ပေါက်ကွဲအပြီး အပျက်အစီးများအား တွေ့ရစဉ်။
Photo: MDY-PDF

မန္တလေးတိုင်း မတ္တရာမြို့နယ် ထန်းတောကုန်းတဲတိုက် ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဒီဇင်ဘာ ၂၆ ရက်နေ့ညနေမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကလေးနှစ်ဦး သေဆုံးပြီး အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီက တိုက်ပွဲဖြစ်တာမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကလေးတွေ သေဆုံးခဲ့တာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောပါတယ်။

"ဒီနေ့ဖြစ်စဉ်က တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီက မဆင်မခြင် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရပြီး ကလေးငယ်နှစ်ဦးက နေရာမှာပဲ အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်"

စစ်ကောင်စီအနေနဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာလို့လည်း MDY-PDF က ပြောပါတယ်။

ကလေးတွေအပါအဝင် အရပ်သားတွေ ထိခိုက်သေဆုံးတာနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

စစ်ကောင်စီနဲ့ MDY-PDF တပ်ဖွဲ့တွေဟာ မန္တလေးတိုင်း မတ္တရာမြို့နယ်၊ သပိတ်ကျင်းမြို့နယ်နဲ ရှမ်းပြည်နယ် နောင်ချိုမြို့နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်နေတယ်လို့လည်း MDY-PDF က ဒီဇင်ဘာ ၂၆ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့ကလည်း မတ္တရာမြို့နယ်က သရက်ချိုရပ်ကွက်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား သုံးဦးသေဆုံးခဲ့တဲ့အပြင် ထိခိုက်ဒဏ်ရာရသူတွေလည်းရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

သြဂုတ် ၁ ရက်နေ့ကနေ နိုဝင်ဘာ ၃၀ ရက်နေ့အထိ လေးလအတွင်း နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူ ၁၀၄ ဦးရှိခဲ့ပြီး အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် သေဆုံးသူ ၁၉ ဦး ပါဝင်တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီဇင်ဘာ ၁၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။