Heat Stroke ကြောင့် ပဲခူးမှာ သေဆုံးသူ ၄ဦး ရှိ
2019.04.30
ပဲခူးတိုင်းမှာ နေ့အပူချိန် စံချိန်တင် မြင့်တက်ခဲ့ပြီးနောက် ပဲခူးပြည်သူ့ဆေးရုံကြီးမှာ Heat Stroke ကြောင့် ဆေးရုံရောက်လာပြီး သေဆုံးတဲ့ လူနာ ၄ ဦးရှိသွားပြီလို့ ပဲခူးဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်က RFA ကို ပြောပါတယ်။
ဧပြီ ၂၀ ရက်နေ့ကစပြီး ဒီနေ့ထိ ပဲခူးဆေးရုံကြီးကို Heat Stroke လူနာ ၁၀ ယောက် ရောက်ရှိလာတဲ့ထဲက တစ်ယောက်ကတော့ သေဆုံးပြီးမှ ရောက်လာတာဖြစ်ပြီး ကျန်တဲ့ ၃ ယောက်ကတော့ ဆေးရုံမှာ ဆေးကုသမှု ခံယူရင်း သေဆုံးသွားတာလို့ ဒေါက်တာရန်နိုင်မောင်က ပြောပါတယ်။
သေဆုံးသွားတဲ့ အမျိုးသား လေးယောက်က အသက် နှစ်ဆယ်ကျော်ကနေ ၅၀ ကျော်အရွယ်ထိဖြစ်ပြီး အများစုက အရက်သောက်တာကြောင့် သေဆုံးတာကို တွေ့ရကြောင်း ဒေါက်တာရန်နိုင်မောင်ရဲ့ ပြောပြချက်အရ သိရပါတယ်။
ပဲခူးဆေးရုံကြီးကို မနှစ်က ဒီလိုအချိန်မှာ Heat Stroke ဖြစ်ပြီး ရောက်လာတဲ့လူနာမရှိခဲ့ဘဲ ဒီနှစ်မှသာ Heat Stroke ဖြစ်ပြီး ရောက်လာတဲ့ လူနာတွေ များလာတာဖြစ်ပြီး အဲဒီလို လူနာတွေကို ကုသပေးဖို့ အခန်းတစ်ခန်း ကြိုတင်ပြင် ဆင်ထားပြီး ကုသမှုတွေ ဆောင်ရွက်ပေးနေတယ်လို့ ဒေါက်တာရန်နိုင်မောင်က ပြောပါတယ်။
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ဧပြီ ၂၇ ရက်နေ့က ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းတို့မှာ နေ့အပူအချိန်တွေ စံချိန်တင် မြင့်တက်နေတယ်လို့ ထုတ်ပြန်ကြေညာခဲ့ပြီး ပဲခူးတိုင်းရဲ့ နေ့အပူချိန်ဟာ ၄၃ ဒီဂရီ စင်တီဂရိတ်ကျော် ရှိခဲ့တာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။