ကူးစက်ရောဂါဖြစ်ပွားနေတဲ့ နာဂဒေသကို ကျန်းမာရေးဝန်ထမ်း ၅၀ ကျော် သွားရောက်
2016.09.07

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ကူးစက်ရောဂါဖြစ်ပွားနေတဲ့ နန်းယွန်း မြို့နယ်နဲ့ လဟယ် မြို့နယ်တွေကို သွားရောက်လိုကြောင်း ဆန္ဒပြုကြတဲ့ ကျန်းမာရေးဝန်ထမ်း ၅၀ ကျော် ရောက်ရှိနေပြီဖြစ်ပါတယ်။
ဆရာဝန်မပါရှိဘဲ အမြင့်ဆုံးအဆင့်က ကျန်းမာရေးမှူး အဆင့် (၂ )နဲ့ သားဖွားသူနာပြုတွေ စုစုပေါင်း ၅၆ ဦး ပါဝင်ပြီး ရောဂါဖြစ်ပွားနေတဲ့ ကျေးရွာတွေမှာ ၆ လကြာ တာဝန်ထမ်းဆောင်ကြမှာဖြစ်ပါတယ်။
လဟယ်မြို့နယ်မှာ ကူးစက်မြန် ဝက်သက်ရောဂါ ဖြစ်ပွားနေတာဖြစ်ပြီး နန်းယွန်းမြို့နယ် မှာဖြစ်ပွားနေတဲ့ ရောဂါတွေ က အသက်ရှုလမ်းကြောင်းပိတ်ဆို့တဲ့ရောဂါ၊ တုပ်ကွေး၊ ဝမ်းပျက် ဝမ်းလျှောနဲ့ ဌက်ဖျားရောဂါတွေနဲ့ အစာအဟာရ မပြည့်ဝမှုကြောင့် သေဆုံးသူများပြားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကစတင်ဖြစ်ပွားနေတဲ့ ကူးစက်ရောဂါတွေကြောင့် အဲ့ဒီဒေသမှာ လူ ၈၀ ကျော် သေဆုံးခဲ့ပြီး အခုချိန်ထိ သေဆုံးမှုတွေရှိနေဆဲဖြစ်ပါတယ်။
ဒေသခံတွေအတွက် ဆေးဝါး၊ စားနပ်ရိက္ခာနဲ့ ထောက်ပံ့ရေး ပစ္စည်းတွေ လိုအပ်နေပြီး သွားလာရခက်ခဲ တဲ့ ဒေသတွေဖြစ်တာကြောင့် လူမှုရေးအသင်းအဖွဲ့တွေရဲ့ အကူအညီတွေ ရောက်ရှိနိုင်ဖို့လည်း အခက်အခဲတွေ ရှိနေပါတယ်။