နာဂဒေသကို NGO များ သွားပြီး ကူညီခွင့်ပြုဖို့ တိုက်တွန်း
2016.08.16

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ဒေသကို ကူညီနိုင်ဖို့အတွက် သယ်ယူပို့ဆောင်ရေး လမ်းကြောင်း ကို ပြင်ဆင်ပေးဖို့နဲ့ အစိုးရအနေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို သွားရောက်ကူညီခွင့်ပေးဖို့ လိုအပ်ကြောင်း နာဂအဖွဲ့အစည်းက တောင်းဆိုလိုက်ပါတယ်။
ရန်ကုန်မြို့ orchid hotel မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နာဂအမျိုးသားကောင်စီ အဖွဲ့ဝင် ဦးနော်အောင်ဆန်း က တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
"ကျနော်တို့တောင်းဆိုတာက လက်ရှိသယ်ယူပို့ဆောင်ရေးလမ်းကြောင်းကို အမြန်ဆုံးပြင်ဆင်ပေးဖို့၊ နယ်စည်းမခြားအဖွဲ့က ကျနော်တို့ဆီလာချင်နေတယ်၊ ဒါပေမဲ့အစိုးရက ဝင်ခွင့်မပေးဘူး၊ ခင်ဗျားတို့ အဆင့်သင့်စောင့်နေပါတဲ့၊ လိုရင်ခေါ်မယ်တဲ့၊ အစိုးရဘက်ကပေးရမှာက ခွင့်ပြုချက်၊ ကျန်တဲ့အရာတွေ အားလုံးက အရပ်ဘက်အဖွဲ့အစည်းတွေကနေ ကြိုးစားပြီးတော့လုပ်သွားရင် အတိုင်းအတာတစ်ခု ထိအောင်မြင်မယ်လို့ ယုံကြည်တယ်"
နာဂ ဒေသအတွင်းဖြစ်ပွားနေတဲ့ ကူးစက်ရောဂါတွေကို ထိန်းချုပ်နိုင်ပြီလို့ လူမှုကွန်ယက်စာမျက်နှာပေါ် မှာ ရေးသားနေတာတွေဟာ မှားယွင်းကြောင်း ရောဂါပြန့်ပွားမှု ဆက်လက်ရှိနေကြောင်းလည်း ပြောပါတယ်။
နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက နန်းယွန်းနဲ့ လဟယ်မြို့နယ်က ရွာပေါင်း ၁၅ ရွာမှာ ဝက်သက်ကူးစက်ရော ဂါကြောင့် သေဆုံးသူ ၄၂ ဦးရှိခဲ့ပြီလို့ အစိုးရက ထုတ်ပြန်ထားပါတယ်။