နာဂပြည်သူတွေ ဝက်သက်ကြောင့်သေဆုံး
2016.08.06

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်နဲ့ နန်းယွန်းမြို့နယ်တွေမှာ လူဦးရေ ၄ဝ လောက် သေဆုံးတာဟာ ဝက်သက်ရောဂါကြောင့်ဖြစ်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက အတည်ပြုလိုက်ပါတယ်။
သေဆုံးသူတွေရဲ့သွေးကို ဓါတ်ခွဲစစ်ဆေးခဲ့ရာမှာ ဝက်သက်ရောဂါပိုးကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ပြောပါတယ်။
"သွေးအဖြေတွေမနေ့ကတော့ရပြီ၊ အဖြေကတော့အားလုံးကတော့ ၃ ယောက်က ဝက်သက်ပိုးတွေ့တယ်၊ ဝက်သက်ရောဂါအစုလိုက်ဖြစ်ပွားတဲ့အခြေအနေပေါ့၊ ဝေးလံခေါင်းပါးတဲ့အတွက် နံပါတ် ၁ ကတော့ ကျန်းမာရေးစောင့်ရှောက်မှုမရဘူး၊ ဝက်သက်ကာကွယ်ဆေးကို အဲ့မှာမဆောင်ရွက်နိုင်ခဲ့ဘူးပေါ့၊ နောက် တစ်ခုက ချက်ချင်းဆောင်ရွက်ပေးဖို့ ဝန်ထမ်းနည်းပါးတယ်"
ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်က ထန်ခေါ်လားမားကျေးရွာ မှာ ရောဂါစတင်ဖြစ်ပွားခဲ့ပြီး လဟယ်မြို့နယ်နဲ့ နန်းယွန်းမြို့နယ်က အခြား ကျေးရွာတွေကို ပျံံနှံသွားရာကနေ သေ ဆုံးသူ ၃၈ ဦးအထိရှိလာခဲ့တာဖြစ်ပါတယ်။
ရောဂါဖြစ်ပွားရာ ဒေသတွေဟာ ဝေးလံခေါင်သီတဲ့ အရပ်ဒေသတွေဖြစ်တာကြောင့် ဝက်သက်ရောဂါ ကာကွယ်ဆေး မထိုးနိုင်ခဲ့သလို ရောဂါပျံ့နှံပြီးမှ သိရှိခဲ့တာကြောင့် သေဆုံးသူတွေများခဲ့တာ ဖြစ်တယ် လို့ ဒေါက်တာသန်းထွန်းအောင် က ပြောပါတယ်။
လက်ရှိ ရောဂါဖြစ်ပွားရာနေရာတွေကို ဗဟိုကျန်းမာရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာန၊ ခန္တီးမြို့နယ် ကျန်းမာရေးဦးစီးဌာနနဲ့ တပ်မတော်က ပါရဂူ စုစုပေါင်း ၁၅ ယောက်လောက် ဆေးကုသပေးနေတယ် လို့ ဒေါက်တာသန်းထွန်းအောင် က ပြောပါတယ်။
ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင် ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။