လဟယ်မြို့နယ်မှာ ကူးစက်ရောဂါကြောင့် သေဆုံးသူ ပိုများလာ
2016.08.05

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်နဲ့ နန်းယွန်းမြို့နယ်တွေမှာ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကူးစက်မြန်ရောဂါတစ်မျိုးကြောင့် ၂ ရက်အတွင်း နောက်ထပ် ၅ ဦးထပ်မံ သေဆုံးသွားတဲ့ အတွက် စုစုပေါင်း သေဆုံးသူ ၃၈ ဦး ရှိနေပြီဖြစ်ပါတယ်။
ရောဂါဝေဒနာခံစားနေရသူတွေကို ကျန်းမာရေးဝန်ထမ်းတွေက ဒီနေ့ ထပ်မံသွားရောက် ကုသနေတယ်လို့ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဇော် က ပြောပါတယ်။
"အသက်ရှူလမ်းကြောင်း ပိုးဝင်တဲ့ရောဂါပေါ့၊ လောလောဆယ်အနေအထားအရတော့ ထန်ခေါ် အနောက် ကုန်းအုပ်စု တန်ခေါ်လမ်းမမှာပေါ့ အဲ့မှာတော့ လူ ၂၅ ဦးလောက်တော့ အသက်ဆုံးရှုံးသွားပြီးပေါ့နော်၊ အဲ့နားက ရွာလေးရွာမှာလည်း အဲ့လိုမျိုးဖြစ်တယ်၊ အဲ့ရွာလေးရွာမှာတော့ ၁၃ ယောက်ပေါ့၊ စုစုပေါင်း ၃၈ ယောက်တော့ ဆုံးပါးသွားတာပေါ့၊ ကျနော်တို့ဆီကို တပ်မတော်က တာဝန်ချထားတဲ့ ဆရာဝန်တွေ လည်းဆင်းတယ်၊ နောက် ကျနော်တို့အဖွဲ့က တိုင်းကျန်းမာရေးဆရာဝန် ၂ ယောက်နဲ့ တခြားဆေးဘက် အဖွဲ့ပေါ့ ၂ ယောက်၊ မြို့နယ်ဆရာဝန်နဲ့ဆိုတော့ ၅ ယောက်ပေါ့၊ ဌာနဆိုင်ရာတွေနဲ့ သူတို့ဆင်းသွားပြီ၊ ဟိုမှာလည်း ကျနော်တို့ ကျန်းမာရေးမှူးတို့ဘာတို့ကတော့ အဲ့မှာအထိုင်နဲ့ ဆက်ပြီးတော့ကုနေတယ်"
အဲ့ဒီရောဂါဟာ ဆရာဝန်တွေရဲ့ ပြောပြချက်အရ အသက်ရှူလမ်းကြောင်းမှာ ပိုးဝင်တာဖြစ်ပြီး ခန္ဓာကိုယ်မှာ အဖုအပိန့်တွေ ထွက်ရာကနေ မျက်လုံးတွေနီတာ၊ မျက်ရည်ကျတာနဲ့ နောက်ဆုံးမှာ ချောင်းဆိုး ပြီး သွေးအန် သေဆုံးတာဖြစ်တယ်လို့ ပြောပါတယ်။
သွေးနမူနာနဲ့ ဆီးနမူနာကို ရန်ကုန်မှာ ဓာတ်ခွဲစစ်ဆေးပြီးမှသာ ဘာရောဂါလဲဆိုတာ သေချာသိရမှာ ဖြစ်တယ် လို့လည်း ပြောပါတယ်။
အဲ့ဒီရောဂါဟာ လဟယ်မြို့နယ် ထန်ခေါ်လားမားကျေးရွာမှာ ဇွန်လ ၁၄ ရက်နေ့လောက်က စတင်ဖြစ်ပွားခဲ့ တာဖြစ်ပြီး ထန်ခေါ်နောက်ပိုး၊ စိမ့်ပါး၊ လမ်းတိုင်းနဲ့ ခမ်းလိုင်းရွာတွေမှာပါ ကူးစက်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် နန်းယွန်းမြို့နယ်ထဲက ကဲဆန်ဆာလင်၊ ကဲဆန်ကားလန်နဲ့ ကဲဆန်ဘောက်လွန်းစတဲ့ ကျေးရွာတွေမှာ ဇူလိုင်လ ၂၈ ရက်နေ့လောက်က စတင်ဖြစ်ပွားခဲ့ပြီး ကဲဆန်လောင်ကျန်းကျေးရွာကိုပါ ကူးစက်ပြန့်ပွားလာ တာ ဖြစ်ပါတယ်။
သေဆုံးသူတွေထဲမှာ အသက် ၁၅ နှစ်အောက်တွေ အများဆုံးဖြစ်ပြီး အသက် ၄၀ ကျော်တွေ နဲ့ အသက် ၉၀ ကျော်လည်း တစ်ဦး ပါဝင်တယ်လို့ သိရပါတယ်။