နာဂဒေသက ကျေးရွာ နှစ်ရွာ အတွက် ကျန်းမာရေးဝန်ထမ်းတွေ ချပေးမည်
2017.03.06

စစ်ကိုင်တိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်မှာ ချောင်းဆိုးရောဂါကြောင့် လူသေဆုံးတဲ့အထိဖြစ်နေတဲ့ ကျေးရွာ ၂ ရွာအတွက် ကျန်းမာရေးဝန်ထမ်းတွေ ချထားပေးတော့မယ် လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင် က ပြောပါတယ်။
အခုလိုဖြစ်ပွားတာဟာ ဒေသမှာ ကျန်းမာရေးစောင့်ရှောက်မှုနည်းတာကြောင့် ဖြစ်ပွားတဲ့အတွက် အခုက စပြီး ကျန်းမာရေးဝန်ထမ်းတွေကို ချထားပေးမှာဖြစ် တယ်လို့ ဒေါက်တာ သန်းထွန်းအောင်က ပြောပါတယ်။
"အဓိကကတော့ ဝေးတာပဲ။ ကျန်တဲ့မြို့တွေရွာတွေကတော့ ကျန်းမာရေးဝန်ထမ်းတွေ ရောက်နေပြီ။ ဒီတနေရာလေးက ကျန်သွားတယ်။ ကျန်သွားတယ်ဆိုတာက လူဦးရေလည်း သိပ်မများဘူးပေါ့ ။ကျန်းမာရေးဝန်ထမ်းကလည်း မသွားနိုင်ဘူး။ ဝေးလည်းဝေးတယ်။ အဓိကကအဲ့ဒါပဲ။ ကျန်းမာရေးစောင့်ရှောက်မှုနည်းတာ ဝန်ထမ်းမရှိတာ ပေါ်လွင်တာပေါ့။ အခုကတော့ အမြဲတာဝန်ချတော့မယ်။ ကျန်းမာရေးဝန်ထမ်းတွေကို အမြဲတာဝန်ချတော့မယ်။ အခုပဲစပြီ။ အခုပဲ စပြီးချပြီ။ အရေးမကြီးတဲ့နေရာက ဆရာမကို သွားရေးလာရေး လွယ်တဲ့နေရာက ဆရာမကို သွားရေးလာရေးခက်တဲ့နေရာပို့မယ်။ "
အဲဒီကျေးရွာတွေမှာ သားဖွားဆရာမတစ်ယောက်နဲ့ ကျန်းမာရေး ကြီကြပ် တစ်ယောက်တို့ကို ချထားမှာဖြစ်တယ် လို့ ပြောပါတယ်။
အဲဒီကျေးရွာတွေမှာ ဖြစ်ပွားတဲ့ ရောဂါဇစ်မြစ်ကို သိဖို့အတွက် တိုက်နယ်ဆရာဝန်တစ်ယောက် ၊ စစ်ကိုင်းတိုင်းက ဆရာဝန်တစ်ယောက်၊ တပ်မတော်ဘက်က ဆရာဝန် ၂ ယောက်တို့ ရောက်ရှိနေတယ်လို့ ပြောပါတယ်။
အဲ့ဒီဆရာဝန်တွေက ချောင်းဆိုးရောဂါ ခံစားနေရတဲ့ လူနာ အယောက် ၂၀ ရဲ့ သလိပ်တွေကို ဓာတ်ခွဲစစ်ဆေးဖို့ အတွက် လဟယ်မြို့ကို ပို့ထားတယ်လို့ ခန္တီးအခြေစိုက် စစ်ဗျုဟာအဖွဲ့က ဗိုလ်ကြီးနိုင်ထက်က ပြောပါတယ်။
လဟယ်မြို့နယ် တွေးထွေနောက်ကုန်းကျေးရွာအုပ်စုက လောနောက်ကုန်းကျေးရွာနဲ့ လောနောက်အင်းကျေးရွာတွေမှာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလ အတွင်း က ချောင်းဆိုးပြီး လူ ၁၄ ယောက်သေဆုံးခဲ့တာဖြစ်ပါတယ်။