နာဂဒေသမှာ ရောဂါ ထိန်းချုပ်နိုင်ဖို့ ခက်နေ
2016.08.13

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်နဲ့ နန်းယွန်းမြို့နယ်တွေမှာ ဝက်သက်ရောဂါအပါအဝင် ရောဂါ ၅ မျိုး ဖြစ်ပွားနေပြီး လက်ရှိအချိန်ထိ ၆၅ ဦးသေဆုံးပြီး ၂ဝဝ ကျော်ကူးစက်ခံထားရတယ်လို့ နာဂအမျိုးသားရေး ရာ ကောင်စီက ပြောပါတယ်။
လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့် အချိန်ပြည့်စောင့်ရှောက်နိုင်တဲ့ ဆရာဝန်တွေမရှိပဲ ထိန်းချုပ်ဖို့ ခက်ခဲနေတယ်လို့ နာဂအမျိုးသားရေးရာ ကောင်စီ ပြန်ကြားရေးတာဝန်ခံ ကိုကဲယုန်းက ပြောပါတယ်။
"ဘာဖြစ်လို့ထိရောက်မှုမရှိတာလည်းဆိုတော့ အောက်ပိုင်းကလာတဲ့ ဆရာဝန်တွေက ဒီဒေသကိုလမ်းပန်း ဆက်သွယ်ရေးခက်ခက်ခဲခဲနဲ့ လာရတဲ့အခါမှာ သူတို့ ကိုယ်တိုင်ဆေးကုဖို့လိုအပ်နေတဲ့အခြေအနေ မျိုးဖြစ်ဖြစ်သွားတယ်၊ တစ်ချိန်ထဲမှာပဲ တစ်ရွာပြီးတစ်ရွာကာကွယ်ဆေးတွေလိုက်ထိုးပြီးတော့မှ ပြန်သွားတဲ့ အခြေအနေဖြစ်နေတယ်၊ သူတို့ကိုအချိန်ပြည့်စောင့်ရှောက်မှုမျိုးမရှိလို့ဖြစ်နေတာပါ"
ဝက်သက်ရောဂါအပြင် ငှက်ဖျား၊ ဝမ်းပျက်ဝမ်းလျှော၊ တုပ်ကွေးနဲ့ ရင်ကြပ်ပန်းနာ အသက်ရှုကြပ်တဲ့ရောဂါတွေ ဖြစ် ပွားနေတာဖြစ်ပါတယ်။
မတ်လလောက်က စတင် ရောဂါဖြစ်ပွားနေတာဖြစ်ပြီး ဒေသမှာ စားနပ်ရိက္ခာလည်း ပြတ်လပ်နေတယ်လို့ သိရပါတယ်။
လိုအပ်တဲ့ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေကို လေကြောင်းလိုင်းနဲ့ ပို့ဆောင်နိုင်ဖို့အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ကို အကူညီတောင်းထားတယ်လို့ ပြောပါတယ်။
အဲ့ဒီဒေသအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ငွေကျပ် သိန်း ၂ဝဝဝ နဲ့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးက သူတို့ရဲ့ တစ်ရက်စာ အသုံးစားရိတ် ငွေကျပ် ၁၉ သိန်း လှူဒါန်း ထားပါတယ်။
နာဂအမျိုးသားရေးရာကောင်စီ ပြန်ကြားရေးတာဝန်ခံ ကိုကဲယုန်းကို RFA သတင်းထောက် မေဝေယံမိုးမြင့်က ဆက်သွယ်မေးမြန်းထားပါတယ်။