နာဂဒေသမှာ ချောင်းဆိုးပြီး လူ ၁၄ ဦးသေဆုံး


2017.03.04

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသအတွင်း ရွာတရွာမှာ အပြင်းအထန်ချောင်းဆိုးရောဂါကြောင့် ကလေးတစ်ဦး အပါအဝင် လူ ၁၄ ဦးသေဆုံးသွားပါတယ်။

သေဆုံးသူအများစုမှာ သက်ကြီးပိုင်းတွေဖြစ်ကြပြီး ဘာကြောင့်ဖြစ်တယ် ဆိုတာတော့ကျမ်းမာရေးဝန်ထမ်းတွေ မသွားနိုင်သေးတာကြောင့် အတိအကျမသိရသေးဘူးလို့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ဥက္ကဌ ဦးကေစိုင်း က ပြောပါတယ်။

ရောဂါဖြစ်ပွားတဲ့ ရွာဟာ တွေးထွေနောက်ကုန်းအုပ်စု လောနောကုန်းကုန်းရွာမှာဖြစ်ပြီး ဖေဖော်ဝါရီလကုန်ပိုင်းနဲ့ မတ်လဆန်းပိုင်းတွေမှာ သေဆုံးခဲ့တာလို့ ဥက္ကဌ ဦးကေစိုင်းက ပြောပါတယ်။

"အရင်ကတော့မဖြစ်ဘူးဗျ၊ ကပ်ရောဂါသဘောမျိုးလည်းမဟုတ်ဘူး၊ ပုံမှန်ဖြစ်တဲ့အနေအထားပဲထင်တယ် ၊ ပြောပုံအရတော့ ချောင်းဆိုးတယ်၊ ရင်ကြပ်တယ်အဲ့ပုံစံမျိုး၊ နောက်လေပြွန်ရောင်တဲ့ရောဂါပုံစံမျိုးပေါ့၊ လူကြီးပိုင်းတွေများပါတယ်၊ ကလေးက ၂ နှစ်ကျော်ကျော် တစ်ယောက်ပါပါတယ်"

ခုလိုရောဂါဖြစ်ပွားတာကို မတ်လ၂ ရက်နေ့ကမှ သတင်းရရှိတာဖြစ်ပြီးရှေ့ပြေးအဖွဲ့တဖွဲ့ စေလွှတ်ထားတယ်လို့ ဆိုပါတယ်။ ဒီကနေ့ မတ်လ ၄ ရက်နေ့မှာကျန်းမာရေးဌာနက ဆရာဝန်ဆရာမများသွားရောက်ဖို့ရှိပါတယ်။ ခုလိုရောဂါဖြစ်ပွားမူကိုအနီးအနားရွာတွေမှာ သတင်းမကြားရသေးဘူးလို့ ဆိုပါတယ်။

လောနေကုန်းကုန်းရွာဟာ လဟယ်မြို့က နေ မိုင် ၅၀ ခန့်ဝေးပြီး မော်တော်ဆိုင်ကယ်နဲ့သွားလာနိုင်တယ်လို့ ဥက္ကဌ ဦးကေစိုင်းကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။