နိုင်ငံရေးအကျဉ်းသားအချို့အပါအဝင် ဟားခါးထောင်က လူ ၄၀ ပြန်လွတ်
ချင်းပြည်နယ် ဟားခါးမြို့မှာ စစ်အာဏာသိမ်းဆန့်ကျင်မှုကြောင့် အဖမ်းခံထားရသူတွေ အပါအဝင် စုစုပေါင်း အကျဉ်းသား အယောက် ၄၀ ဟာ ဒီနေ့ ဇွန် ၃၀ ရက်နေ့မှာ ပြန်လွတ်လာတယ်လို့ ဒေသအခြေစိုက် Khumiland News သတင်းအရ သိရပါတယ်။
လွတ်မြောက်လာသူတွေထဲမှာ စစ်ကောင်စီက တရားစွဲထားတဲ့ တပ်မတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲခံရသူတွေ၊ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့သူတွေက အများဆုံးဖြစ်ပါတယ်။
သူတို့အပြင် စစ်အာဏာရှင်ကို ဆန့်ကျင်ရေးဆန္ဒပြသူတွေ၊ ဖုန်းအစစ်ဆေးခံရပြီး အဖမ်းခံရသူတွေလည်း ပြန်လွတ်လာကြပေမယ့် ဖောက်ခွဲရေးပစ္စည်းနဲ့ ဆက်စပ်ပြီး တရားစွဲခံထားရသူတွေတော့ ဒီနေ့ ပြန်လွတ်တဲ့ထဲမှာ မပါသေးပါဘူး။
ချင်းပြည်နယ်မှာ စစ်အာဏာရှင်ကို ဆန့်ကျင်တာတွေကြောင့် အဖမ်းခံရသူ စုစုပေါင်း ၂၈၈ ယောက်ရှိပြီး ဟားခါးမြို့က အများဆုံးဖြစ်တယ်လို့ Khumiland News သတင်းက ဆိုပါတယ်။
ဖလမ်းမြို့က ပုဒ်မ ၅၀၅ နဲ့ တရားစွဲခံထားရသူ နှစ်ယောက်လည်း ဒီနေ့ ပြန်လွတ်လာပေမယ့် သူတို့ဆီမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတာကို တွေ့ရတာကြောင့် နေအိမ်ကို ချက်ချင်းပြန်မပို့ဘဲ ဆေးရုံကို ပို့ထားတယ်လို့ အဲဒီသတင်းဌာနကနေ ရေးထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ကို ဆန့်ကျင်လို့ အဖမ်းခံရသူတွေထဲက အယောက် ၂၃၀၀ ကျော်ကို ဒီကနေ့ ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ အသိုင်းအဝန်းကနေ သတင်းထွက်လာ တာကြောင့် ဒီကနေ့ တစ်နိုင်ငံလုံးမှာရှိတဲ့ ရန်ကုန် အင်းစိန်၊ မန္တလေး အိုးဘိုနဲ့ ရှမ်းပြည်နယ် လားရှိုးအကျဉ်း ထောင်တွေရှေ့မှာ မိသားစုတွေက မျှော်လင့်ချက်များစွာနဲ့ စောင့်မျှော်နေတာကို မြင်တွေ့ရပါတယ်။