အိမ်ငှားနေထိုင်သူတွေ ဧည့်စာရင်းတိုင်ဖို့ မလို
2017.10.12

နေအိမ်ဌားရမ်းနေထိုင်သူတွေအနေနဲ့ ဧည့်စာရင်းတိုင်ကြားဖို့ မလိုအပ်ပေမယ့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများကို အကြောင်းကြားဖို့လိုအပ်တယ်လို့ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးက ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ ပြောပါတယ်။
အိမ်ငှားနေထိုင်သူတွေ ဧည့်စာရင်းတိုင်ဖို့ လို မလိုနဲ့ပတ်သက်ပြီး တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးရဲ့ မေးခွန်းကို ဗိုလ်မှူးကြီး အောင်စိုးမိုးက အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။
"ကျနော်တို့ အိမ်ဌားနေထိုင်သူတွေ ဧည့်သည်တွေအနေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဧည့်စာရင်းတိုင်ကြားမှု လိုအပ်ခြင်းမရှိပါဘူး၊ ဒါပေမဲ့ ရပ်ကွက် သို့မပာုတ် ကျေးရွာအုပ်ချုပ်ရေးမှူးဥပဒေကို တတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေပုဒ်မ ၁၄ အရ ရပ်ကွက်အတွင်း ၁ လနဲ့အထက် ကျော်လွန်နေထိုင်မယ်ဆိုရင် သတ်မှတ်နည်းလမ်းနဲ့အညီ သက်ဆိုင်ရာ တာဝန်ရှိသူထံ အသိပေးအကြောင်းကြားဖို့ဖြစ်တယ်လို့ ကျနော် ယူဆပါတယ်"
ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို အကြောင်းကြားထားတဲ့ အိမ်ငှားနေထိုင်သူတွေအနေနဲ့ အိမ်ငှားစာချုပ်နဲ့ မှတ်ပုံတင်မူရင်း၊ မိတ္တူတို့ကိုပြပြီး ရပ်ကွက်အတွင်း နေထိုင်ကြောင်းထောက်ခံစာ ရယူနိုင်တယ်လို့လည်း ပြောပါတယ်။
၂၀၁၂ ခုနှစ် ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ အခန်း ၉ ပုဒ်မ ၁၇ မှာ အခြားရပ်ကွက် (သို့မဟုတ်) ကျေးရွာတစ်ခုခုမှာနေထိုင်ပြီး အိမ်ထောင်စုစာရင်းဝင်မဟုတ်ရင် ညအိပ်ညနေတည်းခိုခြင်းနဲ့ မိမိထံလာတည်းတဲ့ ဧည့်သည်ကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးဆီမှာ တိုင်ကြားရမယ်လို့ပါရှိပါတယ်။
ဒါပေမဲ့ ၂၀၁၆ ခုနှစ် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်တဲ့ဥပဒေ ပုဒ်မ ပုဒ်မ ၁၄ မှာတော့ အဲဒီ ပုဒ်မ ၁၇ ကို ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုအတွင်း တစ်လနဲ့အထက် လာရောက်တည်းခိုနေထိုင်သူများရှိပါက မှတ်တမ်းထားနိုင်ဖ့ို သက်ဆိုင်ရာကို အသိပေးအကြောင်းကြားရမယ်လို့ ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။