ဧည့်စာရင်းတိုင်ကြားဖို့ ပြဌာန်း ချက် ပြည်သူ့လွှတ်တော် ပယ်ဖျက်
2016.09.19

တတိယအကြိမ်ပြင်ဆင်ထားတဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေး ဥပဒေကြမ်းမှာ ဧည့်စာရင်း တိုင်ကြားရန် ဆိုတဲ့ ပြဌာန်းချက်ကို ပယ်ဖျက်ကြောင်း ဒီနေ့ ပြည်သူ့လွှတ်တော်မှာ အတည်ပြု လိုက်ပါတယ်။
ဧည့်စာရင်းတိုင်ကြားရမယ်ဆိုတဲ့ ပြဌာန်းချက်ကို အမျိုးသားလွှတ်တော်က ပယ်ဖျက်ပြီးတဲ့နောက် အဲဒီဥပဒေကြမ်း ကို ပြည်သူ့လွှတ်တော်မှာ ဒီနေ့ ထပ်မံဆွေးနွေးအတည်ပြုလိုက်တာဖြစ်ပါတယ်။
အရင်က ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ဧည့်စာရင်းတိုင်ကြားတဲ့စနစ်ကို ထားရှိဖို့ သဘောထားပေး ထားတာဖြစ်ပြီး ဒီနေ့ လွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ်တွေက ဧည့်စာရင်းကို ဆက်လက်ထားရှိ သင့်ကြောင်း ဆွေးနွေးခဲ့ပေမယ့် မဲခွဲဆုံးဖြတ်ပြီး အတည်ပြုလိုက်တာဖြစ်ပါတယ်။
ဧည့်စာရင်းတိုင်ကြားဖို့ မလိုအပ်တော့ပေမယ့် တစ်လနဲ့အထက် နေထိုင်မယ့် ဧည့်သည်တွေအတွက် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အသိပေးရမယ်ဆိုတဲ့အချက်ကိုတော့ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
အဲဒီအချက်ကို အတည်ပြုလိုက်ပေမယ့် မတိုင်ကြားရင် အရေးယူမှာမဟုတ်ဘူးလို့လည်း လွှတ်တော်ကိုယ် စားလှယ်တွေက ပြောပါတယ်။
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးဥပဒေကြမ်းကို တစ်ပိုဒ်ချင်းအလိုက် လွှတ်တော်ကိုယ်စားလှယ်တွေ က ဆွေးနွေးကြတာဖြစ်ပြီး အမျိုးသားလွှတ်တော်နဲ့ သဘောထားကွဲလွဲနေတဲ့အချက်တွေ ရှိနေတာကြောင့် အမျိုးသားလွှတ်တော်ထံ ပြန်လည်ပေးပို့သွားမှာဖြစ်ပါတယ်။