ဧည့်စာရင်းတိုင်ရေး ကန့်ကွက်ဖို့ လက်မှတ်စုဆောင်း
2016.08.02

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးဥပဒေမှာ ဧည့်စာရင်း တိုင်ကြားရမယ်ဆိုတဲ့အချက်ကို ပြန်လည်ဖြည့်စွက်တဲ့အပေါ် ကန့်ကွက်ကြောင်း ပေးပို့ဖို့အတွက် လက်မှတ်တွေကို အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ကောက်ခံနေပါတယ်။
ဧည့်စာရင်းတိုင်ကြားရမယ်ဆိုတဲ့အချက်ဟာ ပြည်သူလူထုရဲ့ လွတ်လပ်စွာ သွားလာနေထိုင်မှုကို ထိခိုက်နေပြီး၊ အချို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရဲ့ ပုဂ္ဂိုလ်ရေးရာ မကျေနပ်ချက်တွေကို ဧည့်စာရင်းစစ်တဲ့အခါမှာ အသုံးပြု နေ တာတွေရှိတယ်လို့ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှု ကော်မတီက မသဉ္ဖာရွှန်းလဲ့ရည် က ပြောပါတယ်။
"နံပါတ် ၁ ကတော့ ပြည်သူလူထုရဲ့နေ့စဉ်သွားလာနေရတဲ့ သွားလာခွင့်ကိုထိပါးနေတယ်၊ ဒါကလည်း အခြခံဥပဒေထဲမှာ ပြဌာန်ထားတာရှိပါတယ်၊ ပြည်သူလူထုဟာ နိုင်ငံတွင်းမှာ လွတ်လပ်စွာ သွားလာနေ ထိုင်ခွင့်ရှိတယ်ဆိုတာမျိုး ပြဌာန်းထားတယ်၊ နောက်တစ်ခုကတော့ ဧည့်စာရင်းကိစ္စကြောင့် ပြည်သူလူထု ရဲ့နေစဉ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေဟာ ဘေးထွက်ဆိုးကျိုးက ပိုများနေတယ်၊ ဧည့်စာရင်းကြောင့် ရာဇဝတ်သားတွေကို ဖမ်းမိတာထက်စာရင် ဧည့်စာရင်းကြောင့် လူတွေပိုပြီးစိတ်ဒုက္ခများရတယ်၊ ဧည့်စာရင်းကိုအသုံးချပြီး မသမာမှုလုပ်ကြတာတွေကိုလည်း ကြားသိနေရပါတယ်"
အဲ့ဒီလက်မှတ်တွေကို ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှု ကော်မတီက ဦးဆောင် ကောက်ခံနေ တာဖြစ်ပြီး မြန်မာနိုင်ငံအနှံ့မှာရှိနေတဲ့ လူမှုအဖွဲ့အစည်း ၆၀ ကျော်တဆင့် ကောက်ယူနေသလို ဖေ့စ်ဘွတ် ကနေလည်း ကောက်ယူနေပါတယ်။ ရရှိလာတဲ့ လက်မှတ်တွေကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ ထံ တင်ပြသွားမှာဖြစ်ပါတယ်။
မကွေးတိုင်း ချောက်မြို့နယ်က ဒေသခံ ၁၀၀ လောက်ရဲ့ ကန့်ကွက်ကြောင်း လက်မှတ်တွေကို ချောက်မြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ထံ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့က ပေးပို့ထားပါတယ်။
ဧည့်စာရင်းတိုင်ကြားရမယ်ဆိုတာကို အမျိုးသားလွှတ်တော်က ပယ်ဖျက်ထားတာဖြစ်ပြီး အဲ့ဒီဥပဒေကြမ်း ကို ပြည်သူ့လွှတ်တော်ကို ပေးပို့ရာမှာ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက နိုင်ငံတော်လုံခြုံရေးအတွက် လိုအပ်တယ်ဆိုပြီး ဧည့်စာရင်းတိုင်ကြားရမယ့်အချက်ကို ဖြည့်စွက်လိုက်တာဖြစ်ပါတယ်။
အဲဒီဥပဒေကြမ်းမှာ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေက တခြားရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုမှာ ညဉ့်အိပ် ညဉ့်နေ လာရောက်တည်းခိုသူတွေအတွက် ဧည့်စာရင်းတိုင်ကြားတာကို လက်ခံတာ၊ ခွင့်ပြုတာ၊ ဧည့်စာရင်း စစ်ဆေးတာ၊ ဧည့်စာရင်းတိုင်ကြားဖို့ တမင်ပျက်ကွက်ရင် အရေးယူရမယ်ဆိုတဲ့ အချက်ကို ဥပဒေကြမ်းကော်မတီ က ဖြည့်စွက်ထားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဧည့်စာရင်းတိုင်ရတဲ့ စနစ်ကို မဆလ တစ်ပါတီခေတ်ကတည်းက ကျင့်သုံးခဲ့ပြီး၊ ဧည့်စာရင်းတိုင်ဖို့ ပျက်ကွက်တာကိုစစ်ဆေးတွေ့ရှိရင် ထောင်ဒဏ် ဒါမှမဟုတ် ငွေဒဏ်ချမှတ်ခံရတဲ့ အတွက် ပြည်သူတွေကြားမှာ ဖိနှိပ်ချုပ်ချယ်တဲ့စနစ်တစ်ခုအနေနဲ့ ဝေဖန်မှုတွေ ရှိခဲ့တာဖြစ်ပါတယ်။
အဲ့ဒီဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ်တွေ ဆွေးနွေးကြမှာဖြစ်ပြီး ဘယ်နေ့ဆွေးနွေးမယ်ဆိုတာ ကို ကြေညာခြင်းမရှိသေးပါဘူး။