ဧည့်စာရင်းတိုင်ဖို့ ပြည်သူ့ လွှတ်တော်မှာ တင်ပြ
2016.07.27

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကြမ်းမှာ ဧည့်စာရင်းတိုင်ကြားရမယ်ဆိုတဲ့ အချက်ကို ထည့်သွင်းပြဌာန်းသင့်ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ဒီနေ့ ပြည်သူ့လွှတ်တော်ထံ အစီရင်ခံစာ တင်သွင်းလိုက်ပါတယ်။
လုံခြုံရေးအတွက် လိုအပ်တာကြောင့် ဧည့်စာရင်းတိုင်ကြားရမယ့် စနစ်ကို ထားရှိသင့်တယ်လို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ် ဦးဝေလှိုင်ထွန်း က ပြောပါတယ်။
"ကျနော်တို့က ဒါကို လုံခြုံရေးအတွက် လိုအပ်တယ်လို့ ဘာဖြစ်လို့လဲဆိုတော့ ဧည့်စာရင်းမတိုင်ဘဲဆို တံခါးမရှိ ဓါးမရှိ ဝင်ချင်တဲ့လူတွေဝင်လာမှာပေါ့၊ အဟန့်အတားက ထားရမယ်လို့ ကျနော်တို့ကယူဆတယ်၊ ဟိုတုန်းက ဧည့်စာရင်းတိုင်ရတဲ့အပေါ်မှာ အခွင့်အရေးတွေ အုပ်ချုပ်ရေးပိုင်းက ရတာတွေရှိတယ်၊ ဥပဒေနဲ့မညီဘဲဆောင် ရွက်တယ်၊ လူကိုမုန်းရင်မုန်းသလို အိမ်တွေကို ခဏခဏဝင်ပြီးတော့ ဧည့်စာရင်းစစ်တာရှိတယ်၊ အခုဟာ က ရွေးချယ်ပုံစနစ်တွေကအစ ပြောင်းထားတယ်၊ ပြည်သူကရွေးတဲ့လူဖြစ်ရမယ်"
ဧည့်စာရင်းတိုင်ကြားရမယ့်စနစ်ကို အမျိုးသားလွှတ်တော်က ပယ်ဖျက်ထားတာဖြစ်ပြီး အဲ့ဒီဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်ကို ပေးပို့ထားတာဖြစ်ပါတယ်။
အဲဒီဥပဒေကြမ်းမှာ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေက တခြားရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုမှာ ညဉ့်အိပ် ညဉ့်နေ လာရောက်တည်းခိုသူတွေအတွက် ဧည့်စာရင်းတိုင်ကြားတာကို လက်ခံတာ၊ ခွင့်ပြုတာ၊ ဧည့်စာရင်းစစ်ဆေး တာ၊ ဧည့်စာရင်းတိုင်ကြားဖို့ တမင်ပျက်ကွက်ရင် အရေးယူရမယ်ဆိုတဲ့အချက်ကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ဖြည့်စွက်ထားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဧည့်စာရင်းတိုင်ရတဲ့ စနစ်ကို မဆလ တစ်ပါတီခေတ်ကတည်းက ကျင့်သုံးခဲ့ပြီး၊ ဧည့်စာရင်းတိုင်ဖို့ ပျက်ကွက်တာကိုစစ်ဆေးတွေ့ရှိရင် ထောင်ဒဏ် ဒါမှမဟုတ် ငွေဒဏ်ချမှတ်ခံရတဲ့ အတွက် ပြည်သူတွေကြားမှာ ဖိနှိပ်ချုပ်ချယ်တဲ့စနစ်တစ်ခုအနေနဲ့ ဝေဖန်မှုတွေ ရှိခဲ့တာဖြစ်ပါတယ်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူတချို့ကိုလည်း အရင်စစ်အစိုးရလက်ထက်မှာ ညဉ့်နက်သန်းခေါင်ချိန်မှာ ဧည့်စာရင်း စစ်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နေအိမ်တွေမှာ ဖမ်းဆီးတာတွေ ဧည့်စာရင်းမတိုင်ကြားမှုနဲ့ အရေးယူတာတွေ ရှိခဲ့ပါတယ်။
အဲ့ဒီဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ်တွေ ဆွေးနွေးကြမှာဖြစ်ပြီး ဘယ်နေ့ဆွေးနွေးမယ်ဆိုတာ ကို ကြေညာခြင်းမရှိသေးပါဘူး။
ဥပဒေကြမ်းကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလှိုင်ထွန်း ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။