ဧည့်စာရင်း ဥပဒေဖျက်သိမ်းဖို့ အမျိုးသားလွှတ်တော် အတည်ပြု
2016.06.03

ဧည့်စာရင်းတိုင်ကြားခြင်းဆိုင်ရာ ဥပဒေတွေကို အမျိုးသားလွှတ်တော်မှာ ဒီနေ့ မဲခွဲဆုံးဖြတ်ပြီး အများစုကပယ်ဖျက် ဖို့ ဆန္ဒပြုတဲ့အတွက် ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒီဥပဒေဖျက်သိမ်းဖို့ လွှတ်တော်မှာတင်ပြခဲ့ချိန်က တပ်မတော်သားကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ကြပါတယ်။ ဒါကြောင့် မဲခွဲဆုံးဖြတ်တဲ့အဆင့် ထိရောက်ခဲ့တာလို့ သိရပါတယ်။ မဲခွဲရာမှာ အနိုင်ရပြီး ဖျက်သိမ်းဖို့ အတည်ပြု လိုက်တဲ့အကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်က RFA ကိုပြောပါတယ်။
"၃ ခုလုံး နိုင်တယ်ဗျ၊ ကျနော်တို့ ဥပဒေကြမ်းက စိစစ်ထားတဲ့အဆိုတင်ထားတာ အားလုံးပြန်နိုင်တယ်ဗျ၊ အဲ့ဒီစာရင်းရယ်ပေါ့နော် နောက်ပြီးတော့ ဧည့်စာရင်းတိုင်လို့ရှိရင် ပိုက်ဆံဖို့ဗျ၊ အဲ့ဒါတွေပေါ့နော် ပုဒ်မ ၁၇ တို့ ၁၃ တို့ပေါ့နော်၊ သူတို့ကိုင်တွယ်ထားတဲ့ဟာတွေက အကုန်လုံး ကျနော်တို့ လက်တွဲဆုံးဖြတ်တာ အကုန်နိုင်တယ်"
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၁၃ (ဆ) မှာ ညအိပ်ညနေတည်းခိုတဲ့ သူတွေဧည့်စာရင်း တိုင်တဲ့အခါ အုပ်ချုပ်ရေးမှူးတွေကလက်ခံဖို့၊ ဧည့်စာရင်းစစ်ဖို့နဲ့ တိုင်ကြားမှု ပျက်ကွက်တာတွေ့ရှိရင် အရေးယူ ဖို့ ပြဌါန်းထားသလို၊ ပုဒ်မ ၁၇ မှာတော့ ဧည့်သည်တွေ ဧည့်စာရင်းတိုင်ဖို့၊ ပုဒ်မ ၂၇ က ဧည့်စာရင်းတိုင်ဖို့ ပျက်ကွက်ရင် ထောင်ဒဏ် ၇ ရက် ဒါမှမဟုတ် ငွေဒဏ် ၅ဝဝဝ ကျပ်ပေးရမယ်လို့ပြဌါန်းပြီး ဦးသိန်းစိန် အစိုးရလက်ထက်မှာ အတည်ပြုခဲ့တာဖြစ် ပါတယ်။ အဲ့ဒီပုဒ်မ ၃ ခုလုံးကို ပယ်ဖျက်ဖို့ အမျိုးသားလွှတ်တော်မှာ မဲခွဲတဲ့အခါ မဲပေးခွင့်ရှိသူ ၂၁၁ ဦးရှိပြီး၊ အဲ့ဒီထဲက ထောက်ခံမဲ ၁၃၈ မဲ၊ ကန့်ကွက်မဲ ၆၈ မဲနဲ့၊ ကြားနေ ၂ မဲဖြစ်လို့ အများစု ထောက်ခံတဲ့အတွက် အတည်ပြုလိုက်တာဖြစ်ပါတယ်။
ဧည့်စာရင်းတိုင်ကြားခြင်းဆိုင်ရာ ဥပဒေကိုဖျက်သိမ်းဖို့ အမျိုးသားလွှတ်တော်မှာ အတည်ပြုပြီးတဲ့ နောက် ပြည်သူ့ လွှတ်တော်မှာ ဆက်လက်ဆောင်ရွက်ရဦးမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဧည့်စာရင်းတိုင်ရတဲ့စနစ်ကို မဆလတပါတီခေတ်ကတည်းက ကျင့်သုံးလာခဲ့ပြီး၊ ဧည့်စာရင်းတိုင်ဖို့ ပျက်ကွက်တာကိုစစ်ဆေးတွေ့ရှိရင် ထောင်ဒဏ် ဒါမှမဟုတ် ငွေဒဏ်ချမှတ်ခံ ရတဲ့အတွက် ပြည်သူတွေကြားမှာ ဖိနှိပ်ချုပ်ချယ်တဲ့စနစ်တစ်ခုအနေနဲ့ နှစ်ပေါင်းများစွာတည်ရှိခဲ့ ပါတယ်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတချို့လည်း အရင်စစ်အစိုးရလက်ထက်မှာ ဧည့်စာရင်းမတိုင်မှု တွေနဲ့ အရေးယူခံရတာမျိုးတွေရှိခဲ့ပါတယ်။