တပ်မတော်နဲ့ SSPP တိုက်ပွဲဖြစ်
2017.01.22

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှုးမြို့နယ်အတွင်းမှာ ဇန်နဝါရီလ၂၁ ရက်နေ့ မနေ့က တပ်မတော်နဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA တို့တိုက်ပွဲနှစ်ကြိမ်ဖြစ်ခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းတိုင်း စကခ (၉) လက်အောက်ခံတပ်တွေနဲ့မိုင်းရူးမြို့တောင်ဘက် လွယ်ကတ် တောင်ကုန်း တစ်ဝိုက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ် လို့SSPPရဲ့သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး စိုင်းဆုက ပြော ပါတယ်။
"နှစ်ပွဲဖြစ်ပါတယ်၊ နှစ်ပွဲဖြစ်တယ်ဆိုတာ မနက် ၉ နာရီကနေ ၁၀ နာရီထိက တစ်ခါပေါ့နော်၊ နောက် ပြီး နေ့လည် ၁ နာရီကနေ ၂ နာရီထိက တစ်ခါပေါ့နော်၊ ၂ နာရီမှာကျတော့ အဝေးကနေလက်နက်ကြီးနဲ့ ပစ်တာပေါ့နော်"
ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းကတည်းက မိုင်းရူးမြို့နယ်အတွင်းမှာ SSPPရဲ့တပ်စခန်းအချို့ ဆုတ်ခွာပေးဖို့ကိစ္စနဲ့ ပတ်သက်ပြီး နှစ်ဖက်တပ်တွေအကြား စစ်ရေးတင်းမာသလိုရှိခဲ့တာမှာ ရလခတိုင်းနဲ့ညှိုနှိုင်းဆောင်ရွက်နိုင်ခဲ့တဲ့ အတွက်ပြေလည်မှုရခဲ့ပါတယ်။
အခုဖြစ်တဲ့တိုက်ပွဲကတော့ အရင်တပ်စခန်းဆုတ်ခွာပေးရေး ကိစ္စတွေနဲ့ပတ်သက်မှုမရှိဘဲ အောက်ခြေတပ်တွေ အကြားမှာသတင်း အချက်လက် ရရှိမှုနဲ့ ညှိနှိုင်းဆောင်ရွက်မှု အားနည်း ချက်တွေကြောင့် ဖြစ်တယ်လို့ ဗိုလ်မှူး စိုင်းဆု ကပြောပါတယ်။
SSPP အနေနဲ့နောက်လမှာကျင်းပမယ့် ၂၁ ပင်လုံ တက်ရောက်နိုင်ရေးအတွက် NCAလက်မှတ်ရေး ထိုးနိုင်ရေး အတွက်ကို အားထုတ်ကြိုးပမ်းနေချိန်မှာ ဒီလို တိုက်ပွဲတွေဖြစ်တာဟာ တစ်ဘက်နဲ့တစ်ဘက် ယုံကြည်မှု တည်ဆောက်ရေးကိုပျက်ပြားစေနိုင်တယ်လို့လည်း ဗိုလ်မှူးစိုင်းဆု ကပြောပါတယ်။