ကျောက်တော်ဈေးဆိုင်ခန်း ၁၀၀ ကျော် ဖယ်ရှားပေးဖို့ မြို့နယ်စည်ပင် အမိန့်ထုတ်


2014.12.12
kyauktaw-shop-305.jpg ကျောက်တော်မြို့ မြစ်ကမ်းဘေးက ဖျက်သိမ်းပေးဖို့ အမိန့်ထုတ်ခံရတဲ့ ဈေးဆိုင်ခန်းတချို့ကို မြင်ရစဉ်
Photo: Min Thein Aung/RFA
ရခိုင်ပြည်နယ် ကျောက်တော်မြို့ ကုလားတန်မြစ်ဘေး က ဈေးဆိုင်ခန်း တစ်ရာကျော်ကို ဒီဇင်ဘာလ ၇ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးဖို့ မြို့နယ်စည်ပင် သာယာရေးအဖွဲ့က အမိန့်ထုတ်ထားတဲ့အတွက် ဆိုင်ခန်းပိုင်ရှင်တွေက အသနားခံစာပေးပို့ ဖို့ ပြင်ဆင်နေကြပါတယ်။ ကုလားတန်မြစ်ကြောင်း သာယာလှပရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုလို ဖယ်ရှားခိုင်းထားတာလို့လည်း သိရပါတယ်။

ဒီဇင်ဘာလ ၇ ရက်နေ့မှာ အပြီးဖယ်ရှားပေးဖို့နဲ့ အဲဒီ့အမိန့်ကိုမလိုက်နာရင် စည်ပင်ဥပဒေနဲ့ အရေးယူမှာဖြစ်တယ်လို့ မိမိတို့ထံကို အကြောင်းကြားစာပို့ထားတယ်လို့ ဆိုင်ခန်းပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဒေါ်လှမေက ပြောပါတယ်။

"ကျနော်တို့ဖြစ်စဉ်ကတော့ သုံးလလောက်ရှိနေပါပြီရှင့်၊ သူတို့ဖယ်ခိုင်းတာ၊ ခုမှကျောက်တော်မြို့က စည်ပင်သာယာဦးစီးက မဖြိုရင် ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်ဆိုပြီး သတိပေးထားတာ"

အဲဒီဆိုင်ခန်းတွေဟာ ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်က ကုလားတန်မြစ်ကြောင်းဘေးမှာ ဖွင့်လှစ်ရောင်းချခွင့် ပေးခဲ့တဲ့ဆိုင်တွေဖြစ်ပြီး ဆိုင်ခန်းပိုင်ရှင်တွေက နှစ်စဉ်အခွန်ပေးဆောင်ထားတယ်လို့လည်း သိရပါတယ်။

ကျောက်တော်မြို့ စည်ပင်သာယာရေးဦးစီးမှူးကို ဆက်သွယ်မေးမြန်းရာမှာ အခုလို ဖယ်ရှားပေးဖို့ အမိန့်ထုတ်ထားတယ်ဆိုတာ မှန်ကန်ကြောင်းပြောပါတယ်။

လက်ရှိအချိန်မှာတော့ စည်ပင်ဘက်က တစ်စုံတစ်ရာ လက်တွေ့အရေးယူတာ မရှိသေးပါဘူး။

ဒီကိစ္စအတွက် ဆိုင်ခန်းပိုင်ရှင်တွေအပြင် ရခိုင်အမျိုးသမီး လူမှုကွန်ရက်အဖွဲ့ အပါအဝင် အရပ်ဖက်လူမှုအဖွဲ့အစည်း ဆယ်ဖွဲ့ကလည်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၊ နိုင်ငံတော်သမ္မတနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို အသနားခံစာပို့ဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။