ကျူးကျော်ဆိုပြီး ဖယ်ခိုင်းထားတဲ့ မန္တလေးက မြေနေရာတွေကို အကွက်ရိုက် ပြန်ရောင်းနေ

RFA Burmese
2024.03.03
ကျူးကျော်ဆိုပြီး ဖယ်ခိုင်းထားတဲ့ မန္တလေးက မြေနေရာတွေကို အကွက်ရိုက် ပြန်ရောင်းနေ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ကျူးကျော်မြေနေရာများပေါ်တွင် အကွက်ရိုက် ရောင်းချထားသည်ကို ၂၀၂၄ ခုနှစ် မတ်လ ၃ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်အတွင်းက ကျူးကျော်လို့စွပ်စွဲပြီး ဖယ်ခိုင်းထားတဲ့ မြေနေရာတွေကို စစ်ကောင်စီထောက်ခံသူတွေနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး တာဝန်ရှိသူတွေက အကွက်ရိုက်ပြီး ပြန်ရောင်းချနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ချမ်းမြသာစည်မြို့နယ်၊ ဧရာထွန်းရပ်ကွက်နဲ့ သာယာကုန်းရပ်ကွက်အတွင်းက နေအိမ် သုံးထောင်ခန့်ကို ဖိအားပေးဖယ်ရှားခိုင်းပြီးနောက် အဲဒီမြေနေရာတွေကို အကွက်ရိုက် ပြန်လည်ရောင်းချနေတာ လို့ ဆိုပါတယ်။

အလျားပေ ၃၀ အနံပေ ၄၀ မြေကွက်တစ်ကွက်ကို ကျပ်ငွေသိန်းနှစ်ထောင်နီးပါးနဲ့ ပြန်လည်ရောင်းချနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"အဲဒီမြေနေရာတွေအကုန်လုံး ကျူးကျော်လို့ပြောပြီး နေအိမ်တွေကို ဘူဒိုဇာနဲ့ကို ထိုးချထားတာ။ အခုကျတော့ သူတို့မဟုတ်သလို ငုတ်တွေစိုက်ပြီး အကွက်ရိုက်ပြန်ရောင်းတယ်။ အဲဒီခြံကိုဝယ်ပြီးပြီဆိုရင် ပိုင်ရှင်က အုတ်ခြံစည်းရိုးကို အခိုင်အမာခတ်လိုက်တာ။ အခုရောင်းတဲ့နေရာဆို မြို့နယ်ထွေအုပ်ရုံး မျက်စောင်းထိုးက အကွက်တွေပါ ပါတယ်။ ပျူစောထီးတွေနဲ့ ထွေအုပ်တို့ ပေါင်းလုပ်စားကြတာ"

အဲဒီခြံတွေကို ပြန်လည်ဝယ်ယူသူတွေထဲမှာ မန္တလေးမြို့က စီးပွားရေးလုပ်ငန်းရှင်အများစု ပါဝင်နေတယ်လို့ ဆိုပါတယ်။

မြေကွက်အမျိုးအစားအပေါ် မူတည်ပြီး မြေကွက်တစ်ကွက်ကို ကျပ်ငွေသိန်းနှစ်ထောင်နီးပါးကနေ သိန်းလေးထောင်ကျော်အထိ ပေါက်ဈေးရှိနေတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။