လှည်းကူးကျူးတွေကိစ္စ သမ္မတနဲ့ တိုင်းအစိုးရထံ လူ့အခွင့် အရေးကော်မရှင် အစီရင်ခံစာ တင်မည်


2017.06.28
hlegu-slum-620.jpg ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ စခန်းကြီးကျေးရွာ အုပ်စု အမြန်လမ်းဘေးမှာရှိတဲ့ ကျူးကျော်တဲအိမ်တွေကို ဇွန်လ ၁၂ ရက်နေ့က ဖယ်ရှားနေစဉ်
Photo: Aung Thain Kha/ RFA

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စု အမြန်လမ်းဘေးက ကျူးကျော် နေအိမ်တွေ ဖျက်သိမ်းခံရတဲ့ အရေးကိစ္စနဲ့ပတ်သက် ပြီး မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်ရေး ကော်မရှင်က နိုင်ငံတော်သမ္မတနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ အကြံပြုချက်အစီရင်ခံစာ တင်သွင်းသွားမယ်လို့ သိရပါတယ်။

နေအိမ်ဖယ်ရှားခံရသူတွေ၊ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ကွင်းဆင်းတွေ့ဆုံပြီး အစီရင်ခံစာရေးသားထား တာ ဖြစ်သလို အဲ့ဒီအစီရင်ခံစာမှာ အကြံပြုချက်တွေ ထည့်သွင်းထားတယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေး ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင် ကပြောပါတယ်။

" အဲ့ဒီအစီရင်ခံစာ ကျနော်ထိုင်ရေးနေတယ်ခင်ဗျ။ ကွင်းဆင်းလေ့လာတယ်။ တာဝန်ရှိတဲ့သူတွေ ပြောတာ နားထောင်တယ်။ သူတို့ပေးတဲ့ စာရွက်စာတမ်းတွေကို ဖတ်တယ်။ ဖယ်ရှားခံရတဲ့ မိသားစုတွေနဲ့တွေ့တယ်။ အဓိက ကတော့ ကျနော်တို့က တွေ့ရှိချက်တွေရေး တာပေါ့လေ။ နှင်ထုတ်ခံရသူတွေရဲ့ ထွက်ဆိုချက်တွေ လည်း ကျနော်တို့က တွဲပေးမှာပေါ့နော်။ သင့်တင် လျောက်ပတ်တဲ့ အကြံပြုချက်တွေ ကျနော်တို့ပေးရမှာပေါ့"

အစီရင်ခံစာကို မနက်ဖြန် ဇွန်လ ၂၉ ရက်နေ့ တင်ပြနိုင်ဖို့ ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

မနေ့က မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကာ်မရှင်အဖွဲ့ဝင်တွေက နေအိမ်ရှင်းလင်းခံထားရ သူတွေ နေထိုင်နေကြတဲ့ လှည်းကူးမြို့နယ်အတွင်းက ရဲမွန်ဘုန်း ကြီးကျောင်းကို သွားရောက်ပြီး ဖယ်ရှားခံရ သူတွေနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

စခန်းကြီးကျေးရွာအုပ်စု အမြန်လမ်းဘေးက ကျူးကျော်တဲ ၆၀၀၀ ဝန်းကျင်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့က စီးပွားဖြစ်ကျူးတွေအဖြစ်သတ်မှတ်ထားတဲ့အတွက် ဒီလ ၁၂ ရက်နေ့ကစတင်ပြီး ရှင်းလင်းဖယ်ရှားခဲ့တာ ဖြစ် ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။