တစ်လနီးပါး ပျောက်နေတဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း လူမြင်ကွင်းပြန်ထွက်လာ
2024.04.29

တစ်လနီးပါး လူမြင်ကွင်းက ပျောက်ကွယ်နေတဲ့ စစ်ကောင်စီဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဧပြီ ၂၉ ရက်နေ့က မွန်ပြည်နယ်၊ မော်လမြိုင်မြို့က တပ်မတော်ဆေးရုံမှာ ကုသမှုခံယူနေတဲ့ ဒဏ်ရာရ အရာရှိစစ်သည်တွေကို သွားရောက်တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)က ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနဲ့ တပ်မတော်အရာရှိကြီးတွေလည်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့အတူ လိုက်ပါသွားတာတွေ့ရပါတယ်။
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ နေ့လယ်ပိုင်းမှာ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်က ဝန်ကြီးချုပ်တွေနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေကို မော်လမြိုင်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီ ဒုဥက္ကဋ္ဌဟာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာ တပ်နယ်တွေက တပ်မှူးတွေနဲ့တာဝန်ရှိသူတွေကို တွေ့ဆုံပြီး စစ်ဆင်ရေး၊ နယ်မြေစိုးမိုးရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စတွေကို မှာကြားခဲ့တယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ ဧပြီလ ၃ ရက်နေ့ကကျင်းပတဲ့ ဗထူးမြို့ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်းဆင်းပွဲ တက်ရောက်ခဲ့ပြီးနောက် လူမြင်ကွင်းက တစ်လနီးပါး ပျောက်ကွယ်နေတာဖြစ်ပါတယ်။
ဒီလို အချိန်ကြာပျောက်ကွယ်နေတာကြောင့် ဧပြီလ ၈ ရက်နေ့နဲ့ ၉ ရက်နေ့တွေမှာ မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) ကို ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းရောက်ရှိနေချိန် ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ဒဏ်ရာရသွားတာဖြစ်နိုင်ကြောင်း အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာတွေမှာ သုံးသပ်ပြောဆိုသံတွေ အများအပြား ထွက်ပေါ်ခဲ့ပါတယ်။