ဗိုလ်ချုပ်အောင်ဆန်း ဇာတ်ကားအတွက် သရုပ်ဆောင်သစ်တစ်ဦး ထပ်မံရွေးချယ်
2012.09.08

ဗိုလ်ချုပ်ရုပ်ရှင်မှာ ဗိုလ်ချုပ်အဖြစ် သရုပ်ဆောင်မယ့်သူ နှစ်ဦးကို ရွေးချယ်ခဲ့ပြီး ဖြစ်ပေမဲ့ အဲဒီ အထဲက အဓိက သရုပ်ဆောင် မောင်ကျောက်ခဲ ပြီးခဲ့တဲ့ သြဂုတ်လက နှုတ်ထွက် သွားခဲ့တဲ့အတွက် သရုပ်ဆောင်သစ် တစ်ဦး ထပ်မံရွေးချယ်တာ ဖြစ်ပါတယ်။
ဒီကနေ့ ရွေးချယ်ပွဲနဲ့ ပတ်သက်လို့ လာရောက်ရွေးချယ်ခံသူ (၅) ဦးထဲက ကိုစိုင်းနော်ခမ်းက -
"ဗိုလ်ချုပ်ရဲ့ သက်စွန့်ဆံဖျားလုပ်ခဲ့တဲ့ လုပ်ငန်းတွေ၊ အသက်တွေ၊ မိမိရဲ့သွေးကို မြေပေါ်ကျချင်ကျပါစေ ဆိုပြီးတော့ ဒီလိုစိတ်ဓာတ်မျိုးနဲ့ အားထုတ်ခဲ့တာ ဗိုလ်ချုပ်ရဲ့ ကြိုးစားအားထုတ်မှုကြောင့် ကျွန်တော်တို့တိုင်းပြည် အေးအေးချမ်းချမ်း နေရတဲ့ဟာတွေ၊ ကျွန်တော်က ကျေးဇူးဆပ်ခွင့် နောက်တစ်ကြိမ် ပြန်ပြီးကြုံတွေ့ရတယ်။ အခွင့်လေးပြန်ရတယ်ဆိုတာ အရမ်းလည်း ပျော်မိပါတယ်"
အခုတစ်ကြိမ် လာရောက် ရွေးချယ်ခံခဲ့သူတွေဟာ ယခင်ပဏာမ စာရင်းဝင် ခုနစ်ဦးထဲက အပြီးသတ် နှစ်ဦးကို ရွေးချယ်ပြီးနောက် ကျန်ခဲ့တဲ့ ငါးဦးဖြစ်ပါတယ်။ အဲဒီ (၅) ဦးထဲက အပြီးသတ် တစ်ဦးကို စိစစ်ပြီး လာမဲ့စက်တင်ဘာလ ၁၆ ရက်နေ့ ကျင်းပမယ့် ဗိုလ်ချုပ် ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ရဲ့ အစည်းဝေး အပြီးမှာ ရွေးချယ်ခံရသူ အမည်ကို ထုတ်ပြန်ကြေညာမှာ ဖြစ်တယ်လို့ သိရပါတယ်။