ယဉ်ကျေးမှုနဲ့ ဆန့်ကျင်တယ်ဆိုပြီး အဆိုတော်နဲ့ သရုပ်ဆောင်တချို့ကို စစ်ကောင်စီအမှုဖွင့်
2024.04.04

တေးသီချင်းဗီဒီယိုတစ်ခုရိုက်ကူးမှုတစ်ခုမှာ မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူးဆိုပြီး အဆိုတော် မေသူ၊ ဟာသသရုပ်ဆောင် အိုကေနဲ့ တခြားပါဝင်ပတ်သက်သူတွေကို ရန်ကုန်မြို့ ဗဟန်းမြို့မရဲစခန်းမှာ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ-၃၃ (က) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ စစ်ကောင်စီက ဧပြီလ ၅ ရက် ဒီနေ့မှာ နိုင်ငံပိုင်သတင်းစာတွေကတစ်ဆင့် ထုတ်ပြန်ပါတယ်။
လူမှုကွန်ရက်မှာ “ဘီယာဗိုက်” အမည်နဲ့ ထုတ်လွှင့်ခဲ့ပြသခဲ့တဲ့ တေးသီချင်းဗီဒီယိုဟာ အရှက်ကင်းမဲ့ပြီး မြန်မာ့ယဉ်ကျေးမှုနဲ့ ဆန့်ကျင်နေတယ်လို့ စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာနက စွပ်စွဲထားတာပါ။
တေးသီချင်းဗီဒီယိုတွေကို နည်းလမ်းပေါင်းစုံနဲ့ ရိုက်ကူးထုတ်လွှင့်ပြသမှုတွေမှာ ဆင်ဆာမူဝါဒတွေကို မလိုက်နာရင် ဥပဒေအရ အရေးယူမယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဧပြီလ ၄ ရက်မနေ့က ထုတ်ပြန်ပြီးနောက် ဒီနေ့မှာပဲ အရေးယူကြောင်း ကြေညာလာတာပါ။
အခုအရေးယူခံရတဲ့ အဆိုတော်နဲ့ သရုပ်ဆောင်တွေကို RFA က ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးစားနေပါတယ်။
အာဏာသိမ်းကာလမှာ ဖျော်ဖြေရေးလုပ်ငန်းတွေလုပ်ဆောင်ရတဲ့ အနုပညာရှင်တွေ လုံခြုံမှုမရှိတော့ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သရုပ်ဆောင်တစ်ဦးက RFA ကို ပြောပါတယ်။
“သင်ဇာဝင့်ကျော်နဲ့ နန်းမွေစံတို့ကို အရေးယူခဲ့တာလည်း ဒီဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃ (က)နဲ့ပဲလေ။ အခုသင်္ကြန်နီးပြီ စစ်ကောင်စီက သူတို့မဏ္ဍပ်တွေမှာ လူစည်အောင်လာဆိုဖို့ ခေါ်ပါလိမ့်ဦးမယ်။ မလာတဲ့သူကတော့ ပုဒ်မတွေတပ်ပြီး အရေးယူဦးမယ်လို့ မြင်မိသေးတယ်။ အခုစစ်ကောင်စီခေတ်မှာ သရုပ်ဆောင်လုပ်ရတာ ဟိုဘက်ရော၊ ဒီဘက်ရော ကြောက်နေရတယ်ဗျ”
အခုရေးယူထားတဲ့ အီလက်ထရောနစ်ဥပဒေ ပုဒ်မ-၃၃ (က) မှာ အမျိုးသားယဉ်ကျေးမှုကို ထိခိုက်စေတဲ့ ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရင် အနည်းဆုံး ထောင် ငါးနှစ်ကနေ ခုနစ်နှစ်အထိ ချမှတ်နိုင်တဲ့အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဒီပုဒ်မနဲ့ပဲ သရုပ်ဆောင် သင်ဇာဝင့်ကျော်ကို ထောင်ငါးနှစ်၊ မော်ဒယ် နန်းမွေစံကို ထောင် ခုနစ်နှစ် ချမှတ်ခံထားရပါတယ်။
တေးသီချင်းဗီဒီယိုတွေရိုက်ကူးထုတ်လွှင့်မှုမှာ နိုင်ငံရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုထိန်းသိမ်းရေး၊ ကာမရာဂလှုံ့ဆော်မှု မပါဝင်ရေး စတဲ့ မူဝါဒတွေကို မထိခိုက်အောင် တေးသီချင်းဗီဒီယို ထုတ်လုပ်သူတွေက တာဝန်ယူရမှာဖြစ်ပြီး မလိုက်နာရင်း အရေးယူမယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ပြောထားပါတယ်။
မတ်လ ၁၃ ရက်နေ့ကလည်း အွန်လိုင်းပေါ်ကနေ ရုပ်ရှင်ကားထုတ်လွှင့်တဲ့ လုပ်ငန်းတွေ မှတ်ပုံတင်ဖို့နဲ့ မထုတ်လွှင့်ခင် စိစစ်ရေးအဖွဲ့ကို တင်ပြဖို့ဆိုပြီး စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက အမိန့်ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။