သရုပ်ဆောင် ရန်အောင်ရဲ့နေအိမ်ကို မြို့ပြပြောက်ကျားအဖွဲ့ မိုင်းခွဲတိုက်ခိုက်

RFA Burmese
2024.11.14
သရုပ်ဆောင် ရန်အောင်ရဲ့နေအိမ်ကို မြို့ပြပြောက်ကျားအဖွဲ့ မိုင်းခွဲတိုက်ခိုက် တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နေပြည်တော်တပ်မတော်လေဆိပ်တွင် ကြိုဆိုနေသည့် သရုပ်ဆောင် ရန်အောင်အား ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဉ်။
Myanmar Military

ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်က ရုပ်ရှင်သရုပ်ဆောင် ရန်အောင်ရဲ့နေအိမ်ကို နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ပြင်းအားပျော့မိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြပြောက်ကျားအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Dark Shadow အဖွဲ့က ထုတ်ပြန်ပါတယ်။

သရုပ်ဆောင်ရန်အောင်ဟာ စစ်ကောင်စီကို ထောက်ခံအားပေးနေသူဖြစ်တာကြောင့် တိုက်ခိုက်ခဲ့တာလို့ Dark Shadow အဖွဲ့က RFA ကို အတည်ပြုပြောဆိုပါတယ်။ ပထမဆုံးအကြိမ် သတိပေးတဲ့အနေနဲ့ အားပျော့တဲ့မိုင်းကို သုံးပြီး တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ဘူးလို့လည်း အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"ပြင်းအားပျော့မိုင်းလေးပဲ သုံးခဲ့တာပါဗျ။ ထိခိုက်မှုမရှိပါဘူး။ အဓိက စစ်ကောင်စီထောက်ခံအားပေးပြီး မအလနဲ့လက်တွဲနှုတ်ဆက်တဲ့အထိကျ ကျွန်တော်တို့က အနုပညာရှင်လို့ မသတ်မှတ်ပါဘူး။ သတိပေးတဲ့အနေနဲ့ပဲ ဖောက်ခွဲလုပ်ဆောင်ခဲ့တဲ့ မစ်ရှင်ပါ"

သရုပ်ဆောင်ရန်အောင်ဟာ ပြည်သူတွေကို နေ့စဉ်ဒုက္ခပေးနေတဲ့ စစ်ကောင်စီကို ထောက်ခံအားပေးနေတဲ့ အနုပညာရှင်ဖြစ်တာကို သတင်းနဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ထင်ထင်ရှားရှားတွေ့ရတယ်လို့လည်း ဆိုပါတယ်။

နေအိမ်တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး သရုပ်ဆောင်ရန်အောင်ကို လူမှုကွန်ရက်ကနေ RFA က ဆက်သွယ်မေးမြန်းပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။

နိုဝင်ဘာလ ၁ဝ ရက်နေ့က တရုတ်နိုင်ငံ မဲခေါင်အစည်းအဝေးကနေ ပြန်လာတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သရုပ်ဆောင်ရန်အောင်အပါအဝင် အနုပညာရှင်တချို့က နေပြည်တော်လေဆိပ်မှာ သွားရောက် ကြိုဆိုခဲ့ကြပါတယ်။

စစ်ကောင်စီကို ထောက်ခံနေတဲ့ အနုပညာရှင်တွေကိုလည်း သတိပေးကြောင်းနဲ့ ပြည်သူတွေအနေနဲ့ စစစ်ကောင်စီတပ်သားတွေ၊ ရဲတွေ၊ ပျူစောထီးတွေ စုဝေးတဲ့နေရာတွေကို မသွားကြဖို့လည်း Dark Shadow အဖွဲ့က မေတ္တာရပ်ခံထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။