အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ အနုပညာရှင်တွေကို ထောင်ဒဏ် ဆက်တိုက်ချမှတ်

စစ်ကောင်စီအနေနဲ့ အခုရက်ပိုင်းအတွင်း အာဏာသိမ်းတာကို ဆန့်ကျင်ခဲ့တဲ့ အနုပညာရှင်တွေကို ထောင်ဒဏ် ချတာတွေ ဆက်တိုက် လုပ်လာပါတယ်။ ဒါဟာ ပြည်သူကို အကြောက်တရားပေးဖို့ ပြည်သူချစ်တဲ့ အနုပညာရှင်တွေကို စံပြအနေနဲ့ အပြစ်ပေးပြနေတာလို့ သုံးသပ်သူတွေက ပြောပါတယ်။
၂၀၂၁ခုနှစ် ကုန်ဆုံးလု ဒီဇင်ဘာ ၃၀ ရက်နေ့မှာ သရုပ်ဆောင် အကယ်ဒမီ လူမင်း နဲ့ ရဲတိုက်တို့ကို အင်းစိန် ထောင်တွင်း တရားရုံးကနေ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် သုံးနှစ်ချလိုက်သလို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ သရုပ်ဆောင် မော်ဒယ် ပိုင်တံခွန်ကိုလည်း အလုပ်ကြမ်းနဲ့ ထောင်ဒဏ် သုံးနှစ်ချလိုက်ပါတယ်။ တစ်ဆက် တည်း ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ အဆိုတော် စောဖိုးခွား၊ ပိုပိုနဲ့ ဝင်မင်းသန်း တို့ကိုလည်း ထောင်ဒဏ် သုံးနှစ်စီ ချလိုက်ပါတယ်။ ခုလိုနာမည်ကြီး အနုပညာရှင်တွေကို ဆက်တိုက် အပြစ်ဒဏ်တွေ ချမှတ်လိုက်တော့ ပြည်သူတွေ တုန်လှုပ်သွားပြီး အကြောက်တရားကို ရိုက်သွင်းနိုင်လိုက်တာလို့ စစ်ကောင်စီဘက်က မှတ်ယူ ထားပုံရပါတယ်။
ကဗျာဆရာ စောဝေ ကတော့ နာမည်ကြီးမဟုတ်ဘဲ လူသိပ် မသိသေးတဲ့ အနုပညာရှင်တွေ ထောင်ချ ခံရတာလည်း အများကြီးရှိခဲ့ပါတယ်လို့ ပြောပါတယ်။
လက်ရှိမှာ စာပေ၊ ဂီတာ၊ ရုပ်ရှင်၊ သဘင်၊ မော်ဒယ်စသဖြင့် နယ်ပယ်စုံက ရှောင်ပြေးနေရသူတွေဟာ ထောင်ဂဏန်းအထိရှိနိုင်တယ်လို့လည်း ဆိုပါတယ်။
အမည်မဖော်လိုတဲ့ အနုပညာရှင်တစ်ဦးကတော့ ကိုယ်နဲ့အကြိုက်မတူ၊ ကိုယ့်ရန်သူလို့ သတ်မှတ်တာကိုက မှားနေတာလို့ ပြောပါတယ်။
တကယ်တော့ အာဏာရှင်တွေဟာ အနုပညာလောကသားတွေကို အမိအရ အသုံးချဖို့ အမြဲကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အနုပညာလောကသားတွေဟာ အာဏာရှင်ကို ပြည်သူနဲ့အတူ လက်တွဲပြီး ဆန့်ကျင် ပြလိုက်ချိန် ပြည်သူတွေကလည်း လက်တွဲလာတဲ့ အနုပညာရှင်တွေကြောင့် ပိုပြီး အားတက်လာခဲ့ ပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့က အာဏာသိမ်းအပြီး ဖေဖော်ဝါရီ ၁၁ ရက်မှာ ပိုင်တံခွန်ရဲ့ ဆန္ဒပြပွဲ ဓာတ်ပုံတွေ လူမှုကွန်ရက်မှာ ပေါ်လာခဲ့ပြီး စစ်တပ်ဟာ ပိုင်တံခွန်ကို အမိအရ လိုက်ဖမ်းပါတော့တယ်။ ပိုင်တံခွန်ဟာ ဧပြီလ ၈ ရက်နေ့မှာ အဖမ်းခံခဲ့ရပါတယ်။ ပိုင်တံခွန် အဖမ်းမခံရခင် ဧပြီလဆန်းပိုင်းကထဲက နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်တွေဖြစ်တဲ့ မင်းမော်ကွန်း၊ အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသု၊ ခင်ဝင့်ဝါ၊ မေတိုးခိုင်၊ ရဲတိုက်၊ အဆိုတော် Rဇာနည်၊ ပိုပို၊ ချမ်းချမ်း၊ မိတ်ကပ် ပညာရှင် မထက်နဲ့ မေဦး တို့ အပါအဝင် အနုပညာရှင်တွေကို ၅၀၅(က)နဲ့ အရေးယူသွားမယ်လို့ မြဝတီ ရုပ်မြင်သံကြားက ထုတ်ပြန်ခဲ့သလို အနုပညာရှင်တွေအတွက် ဖမ်းဝရမ်းတွေကို နေစဉ်ထုတ်ပြန်လာပါတယ်။
မြန်မာနိုင်ငံက ဒီအခြေအနေကို ကမ္ဘာကြီးက လက်ပိုက်ကြည့်နေတာကို လက်မခံနိုင်ဘူးလို့ ကဗျာဆရာ စောဝေ က ပြောပါတယ်။
ခုချိန်မှာ အနုပညာရှင်တွေနဲ့တကွ ပြည်သူတွေကို အပြစ်ဒဏ်တွေပေးနေတာ ပြည်သူကို ခြိမ်းခြောက်မှု တစ်ခုပဲ ဖြစ်တယ်လို့ သုံးသပ်သူတွေရှိပါတယ်။ ဒါပေမဲ့ ခုလိုပြည်သူကို ခြိမ်းခြောက်လို့ ပြည်သူတွေ ကြောက်သွားမှာလား၊ ဒါမှမဟုတ် ပိုပြီး နာကျည်းသွားမလား။ ဒီမေးခွန်းကိုတော့ စစ်ကောင်စီကိုယ်တိုင်ပဲ အဖြေရှာကြည့်ရပါလိမ့်မယ်။