သဲတောမြို့နယ်မှာ ဗိုလ်ချုပ်မွေးနေ့ အကြိုလှုပ်ရှားမှုကို တားဆီး


2014.12.20
bogyoke-aungsan-statue-305.jpg ပျဉ်းမနားမြို့တွင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု ကို တွေ့ရစဉ်
(Photo: AFP)

ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့နှစ် ၁၀၀ ပြည့်အကြိုအဖြစ် နယ်လှည့်လှုံ့ဆော်နေတဲ့ မိတ္ထီလာခရိုင် ၈၈ မျိုးဆက်ငြိမ်း ချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ ဗမာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားများသမဂ္ဂ ဗကသ အဖွဲ့ဝင်တွေကို မနေ့ညက မန္တလေးတိုင်းဒေသကြီး သဲတောမြို့အဝင်မှာ မြို့နယ်အုပ်ချုပ်ရေးမှူးက တားဆီးခဲ့ပါတယ်။

အဲ့ဒီလိုနယ်လှည့်စည်းရုံးနေတာဟာ တရားဥပဒေနဲ့အညီ ခွင့်ပြုချက်တင်ပြီး လုပ်တာမဟုတ်တဲ့အတွက် တားမြစ် တာလို့ ပြောခဲ့ကြောင်း မိတ္ထီလာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက တာဝန်ခံ ကိုသီဟက ပြောပါတယ်။

"သဲတော NLD ရုံးရှေ့ရောက်တဲ့အခါကျတော့ မြို့နယ်အုပ်ချုပ်မှုရုံးက ဦးစီးမှူးရောက်လာပြီးတော့ သူတို့ဆီမှာ ခွင့်ပြုချက်မတင်တဲ့အတွက် အခုကားကို ချက်ချင်းရပ်ပါ၊ စက်တွေပိတ်ပါ၊ ဒီမြို့ကနေချက် ချင်းပြန်လှည့်ပါ ဆိုပြီးကျနော်တို့ကို တားတယ်၊ ကျနော်တို့ကဘာလို့တားတာလဲ ခွင့်ပြုချက်မတင် ဘူး၊ ကျနော်တို့ဒီလိုပဲ ဗိုလ်ချုပ်နှစ် တစ်ရာပြည့် အတွက် လူထုတစ်ရပ်လုံး ပါဝင်ဆင်နွှဲဖို့အတွက် ကျနော်တို့လှုံ့ဆော်ရေးတွေလုပ်လာတာ ဒီမြို့တင်မဟုတ်ဘူး၊ ကျနော်တို့ကတော့ လှုံ့ဆော်ရေးကို မဖြစ် မနေလုပ်မှာပဲ သူတို့တားလဲပေါ့နော်၊ ၁ နာရီလောက်စောင့်ပြီးတဲ့အခါမှာ နောက်တစ်ကြိမ်ပြန်လာပါတယ်"

ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး အဲ့ဒီအဖွဲ့တွေဟာ မိတ္ထီလာခရိုင်အတွင်းက မိတ္ထီလာ၊ သာစည်၊ မလိုင်နဲ့ ဝမ်းတွင်းစတဲ့ မြို့ ကြီးတွေမှာ လိုက်လံနှိုးဆော် တာတွေ လုပ်ခဲ့စဉ် က တားဆီးခံရတာမရှိခဲ့ပါဘူး။သူတို့တွေကို အသံချဲ့စက်ဥပဒေနဲ့ အရေးယူမယ်လို့လည်း မြို့နယ်အုပ်ချုပ်ရေးမှုးက ပြောခဲ့တယ်လို့ ကိုသီဟက ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်အခမ်းအနားတွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပသွားနိုင်ဖို့ အတွက် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဦးဆောင်ပြီး ဗိုလ်ချုပ်နှစ် ၁ဝဝ ပြည့် အထိမ်းအမှတ် ကျင်းပရေးကော်မတီကို ဖွဲ့စည်းထားပါတယ်။

အကြိုလှုံ့ဆော်ပွဲတွေကို ပန်းရဲ့လမ်းတေးဂီတဖျော်ဖြေရေးအဖွဲ့နဲ့ ရွှေသံစဉ်တေးဂီတအဖွဲ့တို့ကလည်း ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ မိတ္ထီလာစတဲ့ မြို့နယ်တွေမှာ လည်း အလှူငွေလိုက်လံကောက်ခံနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။