စစ်ဗိုလ်ချုပ်နှစ်ဦးနဲ့ လုပ်ငန်းရှင်တချို့ကို အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါ ဒဏ်ခတ်ပိတ်ဆို့အရေးယူ

၂ဝ၂၁ ဖေဖော်ဝါရီက စစ်အာဏာသိမ်းပြီးနောက် အရပ်သားတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်ကြောင့် မြန်မာစစ်ကောင်စီ ဗိုလ်ချုပ်နှစ်ဦးနဲ့ စီးပွားရေးလုပ်ငန်းရှင်တချို့ကို အမေရိကန် ပြည်ထောင်စုက မနေ့က ပိတ်ဆို့အရေးယူလိုက်ပါတယ်။
စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနဲ့ နေပြည်တော် စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းတို့ကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ပစ်မှတ်ထား အရေးယူပိတ်ဆို့တဲ့ စာရင်းမှာ ထည့်သွင်းလိုက်တာပါ။
ဒ့ါပြင် ၂ဝ၂၁ ခုနှစ် ခရစ္စမတ်အကြိုနေ့က ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာ အရပ်သားတွေကို အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်မှုခဲ့အတွက် တာဝန်ရှိတဲ့ ပြည်မြို့အခြေစိုက် ခြေမြန်တပ်မ (၆၆) ကိုလည်း ပစ်မှတ်ထား ပိတ်ဆို့အရေးယူတဲ့ စာရင်းမှာ ထည့်သွင်းလိုက်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
တချိန်တည်းမှာပဲ ဗြိတိန်နဲ့ ကနေဒါနိုင်ငံတွေကလည်း အမေရိကန်နဲ့ ပူးပေါင်းညှိနှိုင်းပြီး မြန်မာစစ်ကောင်စီကို ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်လိုက်ပါတယ်။
မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားလုပ်ပေးတဲ့ ဒိုင်နက်စတီအင်တာနေရှင်နယ် (Dynasty International) ကုမ္ပဏီလီမိတက်က ဒေါက်တာ အောင်မိုးမြင့်၊ မြန်မာ ဓာတုဗေဒနဲ့စက်ပစ္စည်းကုမ္ပဏီ လီမိတက် MCM Group က ဦးအောင်လှိုင်ဦးတို့ကို ဗြိတိန်လာရောက်ခွင့် ပိတ်ပင်တားမြစ်လိုက်ပြီး သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ကန့်သတ်လိုက်ပါတယ်။
Dynasty International ကုမ္ပဏီ၊ MCM ကုမ္ပဏီနဲ့ မီယာဝင်း အင်တာနေရှင်နယ်လီမိတက် (Miya Win International Ltd.) တို့ကိုလည်း ဒဏ်ခတ်အရေးယူသွားမယ်လို့ ဗြိတိန် နိုင်ငံခြားရေးရုံးက ကြေညာပါတယ်။
အမေရိကန် ဘဏ္ဍာရေးဌာနက အရေးယူလိုက်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေထဲမှာ စစ်တပ်ကို လက်နက်ပံ့ပိုးပေးတဲ့ IGG ကုမ္ပဏီပိုင်ရှင် ဒေါက်တာနိုင်ထွဋ်အောင်၊ SUNTAC ကုမ္ပဏီပိုင်ရှင် ဦးစစ်တိုင်းအောင်နဲ့ MCM ကုမ္ပဏီက ဦးအောင်လှိုင်ဦး တို့ ပါဝင်ပါတယ်။
ဒါ့ပြင် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD) နဲ့ ထူးကုမ္ပဏီတို့ကိုလည်း အမေရိကန်ရဲ့ အရေးယူတဲ့စာရင်းမှာ ဖော်ပြထားပါတယ်။