စစ်ကောင်စီအပေါ် ကနေဒါရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု JFM ကြိုဆို
2025.03.08

ကနေဒါနိုင်ငံက စစ်ကောင်စီအဖွဲ့ဝင် ၁၃ ဦးနဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ မြန်မာစစ်တပ်နဲ့ အမှတ် ၃၃ ခြေမြန်တပ်မ ဌာနချုပ်တို့ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်တဲ့အပေါ် ကြိုဆိုကြောင်း Justice For Myanmar (JFM) က မတ်လ ၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “အခု ကနေဒါဒဏ်ခတ်ပိတ်ဆို့မှုတွေက စစ်အုပ်စုကို ခိုင်မာတဲ့သတင်းစကားပါးလိုက်တာဖြစ်ပေမဲ့လည်း စစ်အုပ်စုရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို ရပ်တန့်ဖို့အတွက် လုပ်ဆောင်စရာ အများကြီး လိုအပ်နေပါတယ်” လို့ ထုတ်ပြန်ချက်မှာ် ပြောထားပါတယ်။
ဒဏ်ခတ်မှုမှာပါဝင်တဲ့ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်ဟာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သူတွေဖြစ်သလို ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ဖြိုခွင်းသတ်ဖြတ်ခဲ့တဲ့ တပ်မဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကနေဒါနိုင်ငံက ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်သူတွေဟာ စစ်ကောင်စီရဲ့အကြမ်းဖက်စစ်ဆင်ရေးကို ဘဏ္ဍာငွေထောက်ပံ့မယ့် စီးပွားရေးလုပ်ငန်းတွေကို မြှင့်တင်ပေးနေသူတွေ၊ စစ်ကောင်စီအတွက် အင်တာနက်ဖြတ်တောက်ရေး၊ ဆင်ဆာဖြတ်တောက်ရေး အကောင်အထည်ဖော်ပေးနေသူတွေနဲ့ အီလက်ထရောနစ်စောင့်ကြည့်ထောက်လှမ်းနေသူတွေ ပါဝင်တယ်လို့ JFM က ဆိုပါတယ်။
နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပြီး စစ်ကောင်စီရဲ့ ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက် လိုအပ်တဲ့ အရင်းအမြစ်တွေကို ပိတ်ဆို့ဖို့ လိုအပ်တယ်လို့လည်း တိုက်တွန်းထားပါတယ်။
ကနေဒါနိုင်ငံရဲ့ မိတ်ဖက်နိုင်ငံတွေကိုလည်း စစ်ကောင်စီရဲ့ ဘဏ္ဍာငွေ၊ စစ်လက်နက်၊ စက်ပစ္စည်းကိရိယာတွေနဲ့ လေယာဉ်ဆီ ရင်းမြစ်တွေကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ တိုးချဲ့ချမှတ်ဖို့လည်း JFM က တောင်းဆိုထားပါတယ်။ တစ်ဆက်တည်းမှာပဲ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထိရောက်ဖို့ဆိုရင် စုပေါင်းညှိနှိုင်းချမှတ်တာမျိုး၊ စစ်အုပ်စုရဲ့ ကွန်ရက်တစ်ခုလုံးကို ပစ်မှတ်ထားတာမျိုး လုပ်ဆောင်သင့်ပြီး မြန်မာစစ်ကောင်စီနဲ့ သူတို့ရဲ့ ရာဇဝတ်စီးပွားဂိုဏ်းကို မဖြစ်မနေ ဖျက်သိမ်းဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
ကနေဒါအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဘရွှေနဲ့ စစ်ကောင်စီရဲ့ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဒေါက်တာ ကံဇော်၊ ဦးကိုကိုလှိုင်၊ ဦးအောင်ကျော်ဟိုး၊ ဗိုလ်ချုပ်ကြီး မိုးအောင်၊ ခွန်သန့်ဇော်ထူးအပြင် ဒုတိယဝန်ကြီးတွေဖြစ်တဲ့ ဗိုလ်မှူးချုပ်လူမွန်၊ ဦးအောင်ကျော်ထွန်း၊ ဦးအောင်မြိုင်၊ ဗိုလ်ချုပ်ကိုလေး၊ ဒေါ်သန်းသန်းလင်း၊ ဦးမင်းထွဋ်၊ ဦးထင်ကျော်သူ စတဲ့ လူပုဂ္ဂိုလ် ၁၃ ဦးကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူကြောင်း ကြေညာခဲ့တာပါ။
စစ်ကောင်စီကတော့ ဒီအရေးယူပိတ်ဆို့ခံရတာနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာထုတ်ပြန်တာ မရှိသေးပါဘူး။