BGF ခေါင်းဆောင်တွေကို အမြန်ဆုံးဖမ်းဆီးဖို့ ထိုင်းအစိုးရကို JFM တိုက်တွန်း
2025.02.25
ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနဲ့ ဒုခေါင်းဆောင်နှစ်ဦးကို ဖမ်းဆီးဖို့ လုပ်ငန်းစဉ်တွေကို အမြန်ဆုံး ဆောင်ရွက်နိုင်ရေး ထိုင်းအစိုးရကို တိုက်တွန်းကြောင်း မြန်မာစစ်တပ်နဲ့ စီးပွားရေးလုပ်ကိုင်နေသူတွေကို ဖော်ထုတ်နေတဲ့ Justice for Myanmar (JFM) က ဒီနေ့ ထုတ်ပြန်ချက်ထုတ် တောင်းဆိုလိုက်ပါတယ်။
သူတို့ကို ဖမ်းဝရမ်းထုတ်ခြင်းဟာ ထိုင်းနယ်စပ်တစ်လျှောက်က ရာဇဝတ်မှုတွေကို ဖြေရှင်းရာမှာ အရေးပါတဲ့ ခြေလှမ်းဖြစ်လာမယ်လို့လည်း JFM က ဆိုပါတယ်။
ထိုင်းအစိုးရရဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေခြင်းက ကောင်းတဲ့အချက်ဖြစ်ပြီး လူကုန်ကူးခံရသူတွေရဲ့ နစ်နာမှုအပေါ် BGF က တာဝန်ခံရမယ်လို့ Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။
“ဒါက ကရင်နယ်ခြားစောင့်တပ်တွေရဲ့ ရာဇဝတ်မှုတွေမှာ ထိခိုက်နစ်နာခဲ့ရသူတွေအတွက် တာဝန်ခံမှုပေးနိုင်ဖို့ မဖြစ်မနေလုပ်ဆောင်ရမဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်”
ဒါ့အပြင် ထိုင်းအာဏာပိုင်တွေအနေနဲ့ သူတို့ရဲ့ မိသားစုဝင်၊ စီးပွားဖက်အပြင် မြန်မာစစ်တပ်က တပ်မှူးတွေ၊ ရာဇဝတ်လုပ်ငန်းတွေကနေ အကျိုးအမြတ်ရနေတဲ့ ထိုင်းကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေကိုပါ ရာဇဝတ်ဆိုင်ရာ တရားစွဲဆိုမှုတွေ တိုးချဲ့လုပ်ဆောင်သင့်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဒေသတွင်း ငွေလိမ်လုပ်ငန်းတွေနဲ့ လူကုန်ကူးမှုကို အဓိက အားပေးကူညီနေသူဖြစ်ပြီး ကရင်နယ်ခြားစောင့်တပ်နဲ့ ဆက်စပ်တဲ့ ရာဇဝတ် လုပ်ငန်းကြီးတွေကိုပါ လက်သပ်မွေးထားတယ်လို့ JFM က ဆိုပါတယ်။
ဒါ့ကြောင့် ထိုင်းအာဏာပိုင်တွေအနေနဲ့ ငွေလိမ်လုပ်ငန်းတွေ၊ လူကုန်ကူးမှုတွေရဲ့ ရင်းမြစ်ဖြစ်တဲ့ မြန်မာစစ်တပ်ကိုလည်း မဖြစ်မနေ ဖြေရှင်းဖို့လိုပြီး BGF ရဲ့ ကျူးလွန်မှုတွေကို တရားစီရင်မှုကနေ လွတ်မြောက်ခွင့် မပေးသင့်ဘူးလို့လည်း တိုက်တွန်းထားတာပါ။
ထိုင်းနိုင်ငံအနေနဲ့ စစ်အုပ်စုကို နိုင်ငံရေးတရားဝင်မှု ပေးနေတာအပြင် သဘာဝဓာတ်ငွေ့ ဝယ်ယူမှုကနေတစ်ဆင့် စစ်ကောင်စီကို ဘဏ္ဍာငွေ ပေးနေမယ်ဆိုရင် ငွေလိမ်လုပ်ငန်းနဲ့ လူကုန်ကူးမှုတွေ ဆက်ဖြစ်နေဦးမယ်လို့ JFM က သုံးသပ်ပါတယ်။
BGF ခေါင်းဆောင်တွေနဲ့ မိသားစုဝင်တွေဟာ မြေထိန်းချုပ်မှု၊ အိမ်ခြံမြေလုပ်ငန်း၊ အခွန်၊ လုံခြုံရေး၊ မှောင်ခိုလုပ်ငန်း၊ လူကုန်ကူးမှုနဲ့ လူသုံးကုန်ရောင်းချမှုအပြင် နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းတွေကပါ အကျိုးအမြတ်တွေ ရနေတယ်လို့ Justice For Myanmar က ၂၀၂၄ ခုနှစ်မှာ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ထားပါတယ်။
ဗိုလ်မှူးကြီး စောချစ်သူ၊ ဒုဗိုလ်မှူးကြီး စောမုတ်သုန်နဲ့ ဗိုလ်မှူး စောတင်ဝင်းတို့ကို လူကုန်ကူးမှု သံသယနဲ့ ဖမ်းဆီးဖို့ ထိုင်းအစိုးရရဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) က ဖမ်းဝရမ်း တောင်းခံထားပြီး လက်ရှိမှာ ရာဇဝတ်တရားရုံးရဲ့ ဖမ်းဝရမ်းအတည်ပြုချက်ရဖို့ စောင့်ဆိုင်းနေဆဲလို့ The Nation သတင်းက ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ဖော်ပြပါတယ်။
BGF ခေါင်းဆောင်တွေကို အရေးယူဖို့ တိုက်တွန်းချက်နဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီး စောချစ်သူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။
ငွေလိမ်ဂိုဏ်းတွေအပြင် တရုတ်နိုင်ငံသားတွေ လုပ်ကိုင်နေတဲ့ တရားမဝင် စီးပွားရေး လုပ်ငန်းတွေကိုပါ ထိုင်းအာဏာပိုင်တွေနဲ့ ပူးပေါင်းဖယ်ရှား ရှင်းလင်းသွားမှာဖြစ်ပြီး မြဝတီမြို့နယ်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ အားလုံးကို ဖေဖော်ဝါရီလထဲမှာ အပြီးအပြတ် နှိမ်နင်းသွားမယ်လို့ ဗိုလ်မှူးကြီး စောချစ်သူက ကတိပေးခဲ့တယ်လို့ ထိုင်းအခြေစိုက် Thai PBS World သတင်းမှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဖော်ပြပါတယ်။
BGF ခေါင်းဆောင်အနေနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ လုပ်ငန်းတွေနုဲ့ သက်ဆိုင်မှုမရှိဘဲ လုပ်ငန်းလုပ်ဖို့ မြေနေရာငှားရမ်းခပဲ ယူခဲ့တာဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့က BGF ဌာနချုပ်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန် ပြောခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ပိတ်မိနေတဲ့သူတွေထဲက ရာနဲ့ချီကို ထိုင်းနိုင်ငံထံ လွှဲပြောင်းပေးခဲ့ပါတယ်။