ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပ


2016.06.19
dassk-birthday-blood-donate-620.jpg ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် ဇွန်လ ၁၉ ရက်နေ့က ရန်ကုန်သွေးလှူဘဏ်မှာ ဂုဏ်ပြုသွေးလှူဒါန်းပွဲ အခမ်းအနားကျင်းပနေစဉ်
Photo: Aung Thain Kha/ RFA

ဒီနေ့ ကျရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အခမ်းအနားနဲ့ အန်အယ်လ်ဒီပါတီ ရုံးချုပ်အသစ်ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်း ဗဟန်းမြို့နယ်မှာ ကျင်းပခဲ့ပါတယ်။

မနက်ပိုင်းမှာ သံဃာတော်တွေကို အာရုဏ်ဆွမ်းကပ်ပြီး၊ ဆွမ်းလောင်းလှူခဲ့ကြသလို စတုဒီသာ အလှူပေးခဲ့ပါတယ်။ အခမ်းအနားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦး တက်ရောက် ပြီး  ဒေါ်အောင်ဆန်းစုကြည် အသက် ၁၂၀ ကျော်အထိ နေထိုင်ပြီး တိုင်းပြည်အကျိုးသယ်ပိုးနိုင်စေဖို့ ဆုတောင်းပေး ခဲ့ပါတယ်။

"မိဖတို့ရဲ့မေတ္တာပေါ့နော် အဲ့ဒါကတော့ မာတာမိခင် ဖွားတာရှင်သည် ခေါ်တွင်မည်စရာ အောင်ဆန်း စုကြည်သည် အသက် ၁၂ဝ ကျော် ရှည်စေသော်ဆိုတဲ့အတိုင်းပဲ အသက်ရာကျော် ရှည်ပါစေလို့ပဲ ဆက်လက်ပြီး တိုင်းကျိုးပြည်ကျိုးကို ကျန်းမာရွှင်လန်းချမ်းသာစွာဖြင့် လုပ်ကိုင်နိုင်ပါစေ"

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်နဲ့ ရန်ကုန်တိုင်း အန်အယ်လ်ဒီပါတီလူငယ် ၃၀၀ ကျော် လောက် စုပေါင်းပြီး ရန်ကုန်သွေးလှူဘဏ် မှာ သွေးလှူဒါန်းခဲ့ကြပါတယ်။ သွေးလှူဒါန်းပွဲကို တက်ရောက်ခဲ့တဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လူငယ်တွေအနေနဲ့ ပေးဆပ်မှုကို အလေ့ အကျင့်ဖြစ်အောင် အခုလိုသွေးလှူဒါန်းပွဲ ပြုလုပ်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေးဆပ်နေမှုကို ဂုဏ်ပြုတာဖြစ်ပါတယ်၊ ကျနော်တို့ အခုဒီလိုသွေးလှူတဲ့ ပွဲလေးတွေကို ဆောင်ရွက်တယ်ဆိုတာလည်း လူငယ်တွေကို ပေးဆပ်မှုကို အလေ့အကျင့်ပျိုးထောင် တာပဲဖြစ်ပါတယ်၊ ကျနော်တို့ ပေးတက်တဲ့ယဉ်ကျေးမှုတစ်ရပ်ကို ထူထောင်ရမှာဖြစ်ပါတယ်၊ အမေ ဒေါ်အောင်ဆန်းစုကြည်က မျှဝေတယ်လို့ လှလှပပ စကားလုံးလေးတစ်ခုပုံစံပါ၊ ဒီလိုမျှဝေတက်တဲ့ စိတ်ဓါတ်တစ်ခုကို လူငယ်တွေဆီမှာ ပြုစုပျိုးထောင်နိုင်ဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်း လူငယ်တွေက ဒါလက်တွေ့ဆောင်ရွက်နေကြတယ်လို့ မြင်ရမယ့် အခြေအနေတစ်ခုပဲဖြစ် ပါတယ်"

အလားတူ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်နဲ့ သစ်ပင်စိုက်ပွဲ၊ ဓာတ်ပုံပြပွဲ၊ သွေးလှူဒါန်းပွဲတွေနဲ့ စတုဒီသာအလှူပေးတာတွေကို မန္တလေး၊ နေပြည်တော်၊ မကွေး၊ တနင်္သရီ၊ တောင်ကြီး၊ မွန်စတဲ့ တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေ ဦးဆောင်ပြီး ကျင်းပခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် ဒီနေ့တစ်ရက်တည်းမှာ ဒေါ်ခင်ကြည် ဖောင်ဒေးရှင် ထံ ငွေကြေးလာရောက်လှူဒါန်းသူ ၂၂ ဦးရှိပြီး စုစုပေါင်း ငွေကျပ် ၂၃ သန်းကျော် ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။