ဖက်ဒရယ် ပြည်ထောင်စုပါတီ လစ်လပ်နေရာအားလုံးမှာ ယှဉ်ပြိုင်မည်
2014.04.01

ညီနောင်တိုင်းရင်းသားပါတီတွေ စုဖွဲ့ထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုပါတီ FUP က ဒီနှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရန်ကုန်နဲ့ မန္တလေးတိုင်းဒေသကြီးတွေက လစ်လပ်မဲ ဆန္ဒနယ်အားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ FUP ပါတီခေါင်းဆောင်တွေကပြောပါတယ်။
ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်မှာရှိတဲ့ FUP ပါတီရုံးချုပ်မှာကျင်းပတဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ တာဖြစ်ကြောင်း FUP ပါတီ ဒုတိယ ဥက္ကဌ ၂ ဦးစောသန်းမြင့်က ပြောပါတယ်။
"ရန်ကုန် ပြည်သူ့လွှတ်တော် ၄ နေရာနဲ့ မန္တလေးတိုင်း အောင်မြေသာဇံက တိုင်းဒေသလွှတ်တော်ပေါ့နော် မဲဆန္ဒ (၂) က ၁ နေရာ၊ ၅ နေရာကတော့ ဒီကနေ့မနက်ပိုင်းမှာ ဆုံးဖြတ်ထားပြီးသား ကျန်တဲ့ဟာကတော့ ကျနော်တို့ရဲ့ မိခင်ပါတီတွေက အားလုံးဝင်မှာလေ၊ လောလောဆယ်တော့ ဝင်မယ့်မြို့နယ်ပဲ အရင်လျာထားသေးတယ်ဗျ၊ လူကတော့ နောက်တစ်ကြိမ် အစည်းဝေးကျမှပဲ ညှိနှိုင်းရမယ်ထင်တယ်ဗျ၊ သြင်္ကန်ပြီးမှပဲ၊ အကြမ်းစာရင်းပဲ လုပ်ထားရသေးတယ်"
ရန်ကုန်တိုင်းဒေသကြီးမှာ ပြည်သူ့လွှတ်တော်အတွက် လစ်လပ်မဲဆန္ဒနယ်မြေ ၄ မြို့နယ်ရှိပြီး ဒဂုံမြို့သစ်တောင်ပိုင်း၊ အင်းစိန်၊ လသာနဲ့ ပန်းပဲတန်းမြို့နယ်တွေဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးမှာ တိုင်းဒေသကြီးလွှတ်တော်အတွက် လစ်လပ်မဲဆန္ဒနယ်မြေ ၂ နေရာရှိပြီး အောင်မြေသာဇံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) နဲ့ မိုးကုတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) နေရာတွေ ဖြစ်ပါတယ်။
FUP ပါတီကို ချင်းအမျိုးသားပါတီ၊ ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ စတဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီပေါင်း ၁၉ ဖွဲ့နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။