မဲဆန္ဒနယ် ၆ ခုမှာ ဘယ်ပါတီနဲ့ မဆို ယှဉ်ပြိုင်သွားမယ်လို့ SNDP ပြောကြား
2014.03.29

၂၀၁၄ ခုနှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ကျားဖြူပါတီခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP က ရှမ်းပြည်နယ်တွင်း လစ်လပ်မဲဆန္ဒနယ် ၄ နေရာနဲ့ ကချင်ပြည်နယ်မှာ လစ်လပ်မဲဆန္ဒနယ် ၂ နေရာ စုစုပေါင်း ၆ နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီအနေနဲ့ ဘယ်ပါတီနဲ့ပဲယှဉ်ယှဉ် အနိုင်ရဖို့ မျှော်မှန်းထားတယ်လို့ SNDP ပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက RFA ကိုပြောပါတယ်။
"ရှမ်းပြည်နယ်မှာ တာချီလိတ်ရှိတယ်၊ မိုင်းယောင်းရှိတယ်၊ တန့်ယန်းရှိတယ်၊ နမ့်ခမ်းရှိတယ်၊ အဲဒီလေးနေရာ ကျနော်တို့ပြိုင်မယ်၊ ကချင်ပြည်နယ်မှာ ဗန်းမော်ပြိုင်မယ်၊ ဝိုင်းမော်ပြိုင်မယ်၊ ဘယ်ပါတီနဲ့ပဲ ပြီုင်ပြိုင် ကျနော်တို့ပဲနိုင်မယ်လို့ ယုံကြည်တယ်"
ရှမ်းပြည်နယ်တွင်း ယှဉ်ပြိုင်မယ့် လစ်လစ်မဲဆန္ဒနယ် ၄ နေရာမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီကလည်း ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တဲ့အတွက် ရှမ်းတိုင်းရင်းသားပါတီ ၂ ခု ယှဉ်ပြိုင်ရမယ့် မဲဆန္ဒနယ် ၄ ခုရှိမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားချက်အရ ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်နေရာ ၃၁ နေရာရှိပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လစ်လပ်မဲဆန္ဒနယ်အားလုံးမှာ ယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားသွားမယ်လို့ သိရပါတယ်။
SNDP ပါတီဥက္ကဌ ဦးစိုင်းအိုက်ပေါင်းကို RFA သတင်းထောက် မရတနာဦးဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။