လယ်သိမ်းခံ လယ်သမားများနဲ့ FUP ပါတီဝင်များ တွေ့ဆုံမည်
2014.04.19

ညီနောင်တိုင်းရင်းသားပါတီများ ပါဝင်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ယူနီယံပါတီ (FUP) က ဧပြီလ ၂၀ ရက်နေ့မှာ ထန်းတပင်၊ မင်္ဂလာဒုံ၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေက လယ်၊ ယာ၊ မြေ အသိမ်းခံထားရတဲ့ လယ်သမားတွေနဲ့ သွားရောက်တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။
အသိမ်းခံထားရတဲ့ လယ်ယာမြေတွေ လယ်သမားတွေ ပြန်ရရှိဖို့အတွက် လယ်သမားတွေရဲ့ ပိုင်ဆိုင်မှု အထောက်အထားတွေကို စစ်ဆေးပေးပြီး အကူအညီပေးသွားမယ်လို့ ဖက်ဒရယ်ယူနီယံပါတီ (FUP) ဒုတိယ ဥက္ကဌ ဦးစောသန်းမြင့် ကပြောပါတယ်။
" လွှတ်တော်ကလည်း ပြန်ပေးဖို့ ဆုံးဖြတ်ထားတယ်၊ တိုင်းအဆင့် ခရိုင်အဆင့်တွေကလည်း မြေတွေကို ပြန်ပေးဖို့ အဆင့်ဆင့် အားလုံး ညွှန်ကြားပြီးပြီလို့ ပြောတယ်၊ ဒါပေမယ့် ဒီနေ့ထိ သက်ဆိုင်ရာ သူတို့ရဲ့ လယ်မြေတွေ ပြန်ပြီးတော့ မအပ်သေးဘူးလို့ပြောတယ်၊ အဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဦးတို့က သွားပြီးတော့ တွေ့ဆုံ ဆွေးနွေးဖို့ပါ၊ သူတို့ရဲ့ စာရွက်စာတမ်း၊ သက်ဆိုင်တဲ့ အထောက်အထား၊ ထုတ်ပြန်တဲ့ စာရွက်စာတမ်းတွေကို တောင်းကြည့်ပြီးတော့မှ ဘာလုပ်ပေးနိုင်တယ်၊ ဘာလုပ်လို့ရတယ်ဆိုတာ သူတို့ကို မနက်ဖြန်တွေ့ဆုံပြီးမှပဲ ပြောလို့ရမယ်"
ဖက်ဒရယ်ယူနီယံပါတီ (FUP)ရဲ့ မူဝါဒထဲမှာ လယ်သမားတွေအရေးကို ကူညီဆောင်ရွက်ရမယ်ဆိုတဲ့ အချက်ပါရှိတာကြောင့် အခုလို လယ်သမားတွေနဲ့ တွေ့ဆုံပွဲလုပ်ဖြစ်သွားတာဖြစ်တယ်လို့ သိရပါတယ်။
ဖက်ဒရယ်ယူနီယံပါတီ (FUP)ကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမို ကရက်တစ်ပါတီ၊ ဝ ဒီမိုကရက်တစ်ပါတီ၊ ကယန်းအမျိုးသားပါတီစတဲ့ပါတီ စတဲ့ နိုင်ငံရေးပါတီ၁၅ခု နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။